MT News
Written by Hey Mar
သင်္ကြန်ကာလ အဝေးပြေးယာဥ်များ ပြေးဆွဲမှုမှာ ဧပြီလ ၁၀ ရက်နေ့အထိသာ ယာဥ်လိုင်းအားလုံး ပြေးဆွဲပေးမည်ဖြစ်ပြီး ၁၁ ရက်နေ့နှင့် နောက်ပိုင်းတွင် ယာဥ်လိုင်းအချို့ ရပ်နားမည်ဖြစ်ကြောင်း မတ်လ ၂၄ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်တီ အစည်းအဝေးမှ သိရသည်။
“သင်္ကြန်ကာလမှာ ခရီးသွားမရှိတော့ဘူး။ အဲဒီတော့ ရပ်ထားကြတာပေါ့။ ပုံမှန်ပိတ်ရက်မရှိ ပြေးမယ့်လိုင်းက အဲဒီကာလ အောင်မင်္ဂလာမှာ ၅ လိုင်းပဲရှိမယ်။ ဒဂုံဧရာမှာ ၆ လိုင်းရှိမယ်။ ခရီးသည်တွေအနေနဲ့ ကားလက်မှတ် မရတာမျိုးတွေ ကားမရှိလို့ဆိုတာမျိုးတွေဖြစ်ရင် ကျွန်တော်တို့ကို လာပြော။ လမ်းကြောင်းတူ ခရီးသည် ၃၀ လောက်ရှိရင် ကားစီစဥ်ပေးမယ်။ ကားတွေက ရှိပြီးသား”ဟု ရန်ကုန်တိုင်းဒေသကြီးနှင့်အခြားတိုင်းဒေသကြီး/ပြည်နယ်အခြေပြု အဝေးပြေးယာဉ်လိုင်းများ ကော်မတီဝင် (၅) ဦးဘမြင့်က MT News သို့ ပြောသည်။
အောင်မင်္ဂလာအဝေးပြေးတွင် ပြေးဆွဲမည့် ယာဥ်လိုင်းအရေအတွက်မှာ ဧပြီ ၁၀ ရက်နေ့တွင် ၁၈၃ လိုင်း ၊ ၁၁ ရက်နေ့တွင် ၁၇၁ လိုင်း ပြေးဆွဲပြီး ၅၂ လိုင်း ရပ်နားမည်ဖြစ်သည်။ ၁၂ ရက်နေ့တွင် ၁၅၂ လိုင်းပြေးဆွဲပြီး ၇၂ လိုင်း ရပ်နားမည်ဖြစ်သည်။ ၁၃ ရက်နေ့တွင် ၅၁ လိုင်း ပြေးဆွဲပြီး ၁၇၃ လိုင်းရပ်နားမည်ဖြစ်ကာ ၁၄ ရက်နေ့တွင် ၅ လိုင်း ပြေးဆွဲ၍ ၂၁၉ လိုင်း ရပ်နားမည်ဟု သိရသည်။
ဒဂုံဧရာ အဝေးပြေးယာဥ်လိုင်းတွင် ယာဥ်လိုင်းပေါင်း ၁၁၀ ရှိရာ ၁၃ ရက်နေ့အထိ ၉၉ လိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီး ၁၁ လိုင်းရပ်နားမည်ဟု သိရသည်။ ပိတ်ရက်မရှိပြေးဆွဲမည့် ယာဥ်လိုင်းမှာ ၆ လိုင်းရှိမည်ဟု သိရသည်။
ယာဥ်လိုင်းအားလုံး ပြန်လည်ပြေးဆွဲမည့်ရက်မှာ ၁၈ ရက်နေ့ဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့တွင် အောင်မင်္ဂလာအဝေးပြေးမှ ၂၉ လိုင်းသာပြန်လည်ပြေးဆွဲမည်ဖြစ်ကာ ဒဂုံဧရာ အဝေးပြေးကားဝင်းမှ ၉၉ လိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။