၂၄. ၃. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားသူများကို အရေးယူမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာခဲ့အပြီး လေးရက်အတွင်း ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၄၅,၀၀၀ ခန့်အထိ ပြန်လည်ကျဆင်းလာခဲ့သော်လည်း ကျပ် ၂၉ သိန်းအထက်မှာပင် ဆက်ရှိနေသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်လာသဖြင့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ခန့်အထိမြင့်တက်ခဲ့ပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်မှုကြောင့် အချို့သောရွှေရောင်းသူများ အရောင်းအဝယ် ခေတ္တရပ်နားမှုများရှိခဲ့ပြီး အဆိုပါဖြစ်စဥ်များကြောင့် ပြည်တွင်းရွှေဈေးနှုန်းကို ဆွဲတင်ဈေးကစားမှု ဖြစ်စဥ်များလည်း ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရွှေဈေးတည်ငြိမ်မှု ပျက်ပြားစေရန် ဈေးကစားသူများ၊ ကောလာဟလများကို လူမှုကွန်ယက်၊ Online တို့တွင် ထုတ်လွှင့်၍ ရွှေဈေးမတည်ငြိမ်အောင် ဆောင်ရွက်နေသူများအား စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မတ်လ ၂၁ တွင် ကြေညာခဲ့သည်။
ယင်းကဲ့သို့ ကြေညာပြီးနောက် မတ်လ ၂၄ ရက် (ယနေ့) တွင် ပြည်တွင်းရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၃၅,၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့ပြီး မတ်လ ၂၀ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၂,၉၇၉,၀၀၀ နှင့် နှိုင်းယှဥ်လျှင် လေးရက်အတွင်း ကျပ် ၄၄,၀၀၀ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၄ ရက်(ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း တစ်အောင်စလျှင် ဒေါ်လာ ၂,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၂,၉၇၉,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၄၊ မတ်လ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၂,၉၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ်၊ မတ်လ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၉၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။