၂၄. ၃. ၂၀၂၃
Written by Nyein Kyaw
ရွှေဘိုပေါ်ဆန်းရှယ် (ပေါ်ဆန်းဆန်အဟောင်း)ဈေးနှုန်း ထပ်မံမြင့်တက်၍ နှစ်ပတ်အတွင်း တစ်ပြည်ကို ကျပ် ၂၀၀ ထပ်မံမြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်ပြည်ကို ကျပ် ၅,၇၀၀ အထိရှိလာခဲ့ကြောင်း ဆန်လက်လီအရောင်းဆိုင်များမှ သိရသည်။
“အခုက ရွှေဘိုပေါ်ဆန်းရှယ်က တစ်ပြည်ကို ၅၇၀၀ အထိဖြစ်သွားပြီ။ အသစ်ကတော့ ဆန်သားအကျိုး၊ အရောအပေါ်မူတည်ပြီး တစ်ပြည်ကို ၄၃၀၀ ကနေ ၄၈၀၀ အထိ အစားစားရှိတယ်။ တက်နေတာကတော့ ပစ္စည်းတစ်ခါသွားတင်တိုင်း တစ်ခါတက်နေတာပါပဲ။ ကျန်တဲ့ဆန်အမျိုးအစားကတော့ အဲဒီလောက်မဟုတ်ဘူး။ ကျန်တာတွေကတော့ အဲလောက်သိသိသာသာ အရမ်းကြီးတော့ တက်တာမရှိဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆန်လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က ဆန်လက်လီရောင်းဈေးတွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပေါ်ဆန်းဆန်ရှယ် တစ်ပြည်ကို ကျပ် ၄,၈၀၀ မှ ကျပ် ၅၀၀၀ ကြားအထိမြင့်တက်မှုများရှိခဲ့ပြီး ပေါ်ဆန်းဆန်ရှယ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်မြင့်တက်မှုများ ရှိခဲ့သည်။ မတ်လဆန်းပိုင်းတွင်း ရွှေဘိုပေါ်ဆန်း (ဆန်အဟောင်း) တစ်ပြည်ကို ၁၃၇,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အခြားသော ဆန်ကြမ်းအမျိုးအစားများမှာလည်း အဟောင်းမရှိတော့ဘဲ အသစ်များသာဝင်ရောက်မှုရှိပြီး ယင်းအသစ်ဈေးများသည်ပင် ယခင်ဆန်ဟောင်းဈေးများထက် နှစ်ပတ်အတွင်း ဆန်တစ်အိတ်ကို ကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့ကြောင်း ဆန်းစပါးကုန်စည်ဒိုင်(ဝါးတန်း)မှ သိရသည်။
မတ်လ ၂၄ ရက်တွင် ပြည်တွင်းစားသုံးသည့် သာမန်ဆန်ချောများဖြစ်သော မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ တစ်အိတ်လျှင် ကျပ် ၇၂,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ခန့်၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၇၇,၀၀၀ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၅၄,၀၀၀ ကျော်၊ ဧည့်မထ တစ်အိတ်လျှင် ကျပ် ၅၅,၀၀၀ ခန့်၊ ရက် (၉၀)ဆန် (အသစ်)တစ်အိတ်လျှင် ကျပ် ၅၉,၀၀၀ ကျော်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည်။