၂၄. ၃. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးအား လာရောက်ပစ်သွားပြီး သေဆုံးသူ၏ကားပါ ပျောက်ဆုံးနေကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်ရှိ နတ်မောက်လမ်းသွယ်(၁) ရှိ ခြံတစ်ခြံအနီးတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် အကြောင်းကြားလာသောကြောင့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ပတ်ဝန်းကျင်က ဖုန်းဆက်လို့သွားခေါ်တာ။ သွားကြည့်တော့ မှောက်လျက်သေဆုံးနေပြီ။ အဲဒီမှာ သူ့ကိုလာပစ်သွားတာခင်ဗျ။ သူ့မှာဖုန်းလေးကျန်ခဲ့တော့ အဲဒီဖုန်းကို ဆက်သွယ်ပြီး ဖုန်းဝင်လာတော့ ကိုင်လိုက်တော့ သူ့အမျိုးသမီးဆိုတဲ့သူ ဆက်သွယ်လာတယ်။ ပြီးတော့ သူလည်းရောက်လာတာပေါ့။ အဲဒီမှာကားတော့ ပျောက်နေတယ်ဗျ။ ကျွန်တော်တို့ကတော့ Dead Body ကို ရန်ကုန်ဆေးရုံကြီးကို ကူညီပြီးတော့ ပို့ပေးခဲ့ပါတယ်” ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပျောက်ဆုံးနေသည့် သေဆုံးသူအမျိုးသားပိုင်ဆိုင်သည့် ကားအမျိုးအစားမှာ Cherry QQ အမျိုးအစားဖြစ်ပြီး လိုင်စင်အမှတ် MDY CC-5489 မော်တော်ယာဥ်ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာများနှင့် သေဆုံးနေသည့်အမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်ရှိ သိင်္ဂီလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး သေဆုံးသွားသည့် အမျိုးသားရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။