၂၃. ၃. ၂၀၂၃
Written by Pan Ei
တန်ဇန်းနီးယားနိုင်ငံအနောက်မြောက်ပိုင်း ကယ်ဂျာရာဒေသတွင် မာဘာ့ဂ်ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖျားနာခြင်း၊ အော့အန်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါလက္ခဏာများကို ခံစားနေရသော လူနာ ရှစ်ဦးအနက် ငါးဦး သေဆုံးခဲ့ပြီး ကျန်လူနာ သုံးဦးကို စောင့်ကြည့် ကုသပေးလျက်ရှိကြောင်း WHO က ထုတ်ပြန်ခဲ့သည်။
မာဘာ့ဂ်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများသည် အသက်သေဆုံးစေနိုင်သည်အထိ ပြင်းထန်သော ဖျားနာခြင်းမျိုးဖြစ်ပြီး အီဘိုလာရောဂါလက္ခဏာများနှင့် များစွာဆင်တူကြောင်း သိရသည်။
အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးဦးထဲတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်း ပါဝင်ကာ အသက်ရှင်ကျန်ရစ်သူ သုံးဦးသည် ကုသမှုခံယူနေပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူများနှင့် အဆက်အဆံရှိသူ ၁၆၁ ဦးကို စောင့်ကြည့်လျက်ရှိကြောင်း WHO က ပြောကြားခဲ့သည်။
“တန်ဇန်းနီးယားနိုင်ငံရဲ့ ကျန်းမာရေးအာဏာပိုင်တွေဟာ ရောဂါဖြစ်ပွားမှုကို ထိရောက်စွာတုံ့ပြန်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုကို ဟန့်တားထိန်းချုပ်ဖို့ အစီအမံတွေကို အရှိန်အဟုန်မြှင့်ကာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း” အာဖရိကအတွက် WHO ဒေသဆိုင်ရာညွှန်ကြားရေးမှူး မက်ရှီဒီဆိုမိုတီ က ပြောကြားခဲ့သည်။
သေဆုံးမှုနှုန်း ၈၈ ရာခိုင်နှုန်းအထိ မြင့်မားနေသည့် မာဘာဂ့်ဗိုင်းရပ်စ်သည် အီဘိုလာဗိုင်းရပ်စ်မျိုးရိုးမှဖြစ်ပြီး လင်းနို့များမှ လူများထံ ကူးစက်တတ်ကာ ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်ရှိသောအရည်များနှင့် ထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်တတ်သည်ဟု သိရသည်။ ကူးစက်ပြီးနောက် ခုနှစ်ရက်အတွင်း အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် နာမကျန်းဖြစ်ခြင်းတို့ ပုံမှန်အားဖြင့် ဖြစ်ပွားတတ်ကြောင်း WHO မှ သိရသည်။
အီကွေတိုရီရယ်ဂီနီနိုင်ငံတွင် ပထမဆုံးဖြစ်ပွားသည့် မာဘာဂ့်ဗိုင်းရပ်စ်ရောဂါကို အတည်ပြုပြီးနောက် တစ်လအကြာ၌ တန်ဇန်းနီးယားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref; Aljazeera