၂၃. ၃. ၂၀၂၃
Written by Peya
အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး Tournament Director အဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်ဟောင်းနှင့် မြန်မာ့ဘောလုံး အကယ်ဒမီ (ပုသိမ်) ကျောင်းအုပ်ကြီးဖြစ်သူ ဦးဝင်းသူမိုးက တာဝန်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ MT News သတင်းဌာနက စုံစမ်းသိရှိရသည်။
အောက်မြန်မာပြည်ဇုန်အတွက် ပြိုင်ပွဲကြီးကြပ်ဆောင်ရွက်နိုင်ရန် ဦးဝင်းသူမိုးကို ယနေ့ (မတ်လ ၂၃ ရက်) မှ စတင်ကာ Tournament Director ရာထူးဖြင့် ပြောင်းရွေ့တာဝန်ထမ်းဆောင်စေခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ (FIFA-MFF U15 Youth League 2023) ကို မေလပထမပတ်တွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန် ခွဲကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်(မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်းဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁ သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁ သင်း၊ ကယားပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်းဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်း ဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁သင်း၊ မွန်ပြည်နယ်မှ ၂ သင်း ၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထားသည်ထက် ပိုမိုနေပါက ခြေစစ်ပွဲကစားစေမည်ဖြစ်ပြီး ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေများတွင် ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲကာလမှာ ပထမအကျော့ ၃ လ၊ ဒုတိယအကျော့ ၃ လ စုစုပေါင်း ၆ လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်အသင်းများ မှတ်ပုံတင်ရမည့် ကာလကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထား သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် FIFA-MFF U15 Youth League ဌာနသို့ ဆက်သွယ်မှတ်ပုံတင်နိုင်ကာ ပြိုင်ပွဲဝင်ခွင့်ရ အသင်းများကို တစ်သင်းလျှင် ကျပ် သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး ပထမဆုရအသင်းအား ကျပ် သိန်း ၅၀၊ ဒုတိယဆုရ အသင်းအား ကျပ် သိန်း ၃၀၊ တတိယဆုရအသင်းအား ကျပ် သိန်း ၂၀ ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။