◾Annonymous PDF က ငွေညှစ်ရန် ဖမ်းဆီးထားသည့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့
၂၂. ၃. ၂၀၂၃
Written by Tha Doe
လူသုံးဦးကို သတ်ဖြတ်ပြီး ဗုံးခွဲမှုများ၊ အကြပ်ကိုင်ငွေညှစ်မှုများ ကျုးလွန်ထားသည့် Annonymous PDF အဖွဲ့ဝင် ၁၄ ဦး မုံရွာတွင် ဖမ်းမိခဲ့ပြီး ယင်းတို့အဖွဲ့က ငွေညှစ်ရန် ဖမ်းဆီးထားသည့် ကလေးငယ်တစ်ဦး အပါ အဝင် ပြည်သူလေးဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၂ ရက် ယနေ့ညဘက်တွင် သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်များမှာ အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ ယာတဲ၌ Anonymous PDF အဖွဲ့ခေါင်းဆောင် ရဲရင့်ကျော်(ခ) စွန်ရဲ(၃၃)နှစ် အပါအဝင် အဖွဲ့ဝင်များဖြစ်သည့် ကျော်ဆန်းဦး (၂၀)နှစ်၊ ကိုကိုအောင်(ခ)တစ်ထောင်(၁၉)နှစ်၊ ဝေယံထက်(ခ)ဇီးကွက်(၁၈)နှစ်၊ စိုးစိုး (ခ)မောင်စိုး(၃၇)နှစ်၊ နေလင်းအောင်(ခ)ဥဩ(၁၇)နှစ်၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန် (၁၈)နှစ်၊ ကျော်ရဲသူ(ခ)ကျားလေး(၁၇)နှစ်၊ အောင်ဇော်ထက်(ခ)ကိုကောင်း(၂၃)နှစ်၊ ရာပြည့် (၁၈)နှစ်နှင့် ယင်းတို့အား ကူညီထောက်ပံ့ပေးနေသည့် ကြည်မင်း (၄၈)နှစ်၊ ခင်နှင်းစိုး(၄၅)နှစ်၊ ကိုမြင့်(၅၅)နှစ်နှင့် စိုးစိုး(၄၅)နှစ်၊ စုစုပေါင်း တရားခံ ၁၄ ဦးအား လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည်မျိုးစုံ ၁၇၆ တောင့်၊ အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ Anonymous အဖွဲ့ဝင်များအား ဖမ်းမိစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူ ကျား ၂ ဦး၊ မ ၁ ဦးနှင့်ကလေးငယ် ၁ ဦး၊ စုစုပေါင်း အပြစ်မဲ့ပြည်သူ ၄ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ ကယ်တင်နိုင်ခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ကျား ၁ ဦးသည် မုံရွာမြို့ပေါ်၌ Anonymous အဖွဲ့ဝင်များ ထောင်ထားသည့်မိုင်းများကို တွေ့ရှိသဖြင့် ဖြုတ်ယူခဲ့သောကြောင့် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုတစ်စုလုံးအား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျန်ကျား ၁ ဦးမှာ ငွေကြေးတောင်းခံနိုင်ရန်အတွက် ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကိုကိုအောင် (ခ)တစ်ထောင်၊ ဝေယံထက်(ခ)ဇီးကွက်၊ နေလင်းအောင်(ခ)ဥဩ၊ ကောင်းခန့်ဇော်(ခ) ကောင်းစိန်နှင့် ရာပြည့် တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ(ဒုတိယပတ်ခန့်)တွင် မုံရွာမြို့နယ် အတွင်းရှိ ဗောဓိတစ်ထောင်ဘုရား၏ အရှေ့ဘက်တောင်ကြောပေါ်၌ မုံရွာ PDF အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း ၃ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဆင်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်ခန့်) တွင် ရဲရင့်ကျော်(ခ)စွန်ရဲ ခေါင်းဆောင်၍ မုံရွာမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဓားပြတိုက်၊ ပြန်ပေးဆွဲ၍ ငွေကြေးရယူရန် ရည်ရွယ်ချက်ဖြင့် Anonymous အဖွဲ့အား ကျော်ဆန်းဦး၊ ကိုကိုအောင်(ခ)တစ်ထောင်၊ ဝေယံထက်(ခ) ဇီးကွက်၊ စိုးစိုး(ခ)မောင်စိုး၊ နေလင်းအောင်(ခ)ဥဩ၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ ကျော်ရဲသူ(ခ)ကျားလေး၊ အောင်ဇော်ထက်(ခ)ကိုကောင်း၊ ရာပြည့်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ရဲအောင်(ခ)တွမ်တီဝမ်း၊ မင်းမော်ကွန်း(ခ)မိချောင်း၊ ဇော်ချမ်းပြည့်တို့ ပါဝင်သော အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
Anonymous အဖွဲ့အနေဖြင့် CRPH၊ NUG ထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍ လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ဝယ်ယူစုဆောင်းကာ ဖောက်ခွဲမှု ၄ ကြိမ် ကျူးလွန်ခဲ့ပြီး ထိုဖြစ်စဥ်များမှာ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်ခန့်)တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်နှင့် နေလင်းအောင်(ခ)ဥဩ တို့သည် မုံရွာမြို့၊ ထန်းတော ကျွန်းဆွယ်ရပ်ကွက်၊ အင်းဖြတ်လမ်းတွင် လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း၊ဇန်နဝါရီလ(ဒုတိယပတ်ခန့်)တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ ဝေယံထက်(ခ)ဇီးကွက်၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်နှင့် နေလင်းအောင် (ခ)ဥဩ တို့သည် မုံရွာမြို့၊ စက်မှုဇုန်လမ်းဆုံတွင် လက်လုပ်မိုင်း ၃ လုံး ဖောက်ခွဲခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ ဝေယံထက်(ခ)ဇီးကွက်နှင့် နေလင်းအောင်(ခ)ဥဩ တို့သည် မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ မတ်လ ၁၂ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ ဝေယံထက်(ခ)ဇီးကွက်နှင့် ကောင်းခန့်ဇော်(ခ)ကောင်းစိန်တို့သည် မုံရွာမြို့၊ ရွှေဂုံးရပ်ကွက်၊ အင်းစပ်လမ်းတွင် လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ပြီး ကိုကိုအောင်(ခ)တစ်ထောင်နှင့် ရာပြည့်တို့ ၂ ဦးမှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။
ထို့အပြင် Anonymous အဖွဲ့အနေဖြင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ခဲ့ပြီး ထိုဖြစ်စဥ်များမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲ ခေါင်းဆောင်၍ ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ နေလင်းအောင်(ခ)ဥဩနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ရဲအောင်(ခ)တွမ်တီဝမ်း တို့သည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဂျစ်တူး အား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ဝေယံထက်(ခ)ဇီးကွက်နှင့် ရာပြည့်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲ ခေါင်းဆောင်၍ ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ နေလင်းအောင်(ခ)ဥဩ နှင့် အောင်ဇော်ထက် (ခ)ကိုကောင်း တို့သည် မုံရွာမြို့နယ်၊ ကတို့ကုန်းကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးကျော်မိုး အား ဒလန်ဟုစွပ်စွဲကာ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ နေလင်းအောင် (ခ)ဥဩ နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ရဲအောင်(ခ)တွမ်တီဝမ်း တို့သည် ရေဦးမြို့နေ အပြစ်မဲ့ပြည်သူ နတ်တူးအား ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် Anonymous အဖွဲ့သည် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ဘိုးဘွားရိပ်သာအဝိုင်းအနီး လမ်းဘေးဘယ်ညာတွင် လက်လုပ်မိုင်း ၇ လုံး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ “စိမ်းရောင်စုံ”ဘီယာဆိုင်အနီးတွင် လက်လုပ်မိုင်း ၂ လုံး ထောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ အချိန်မီ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ပြီး ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကြည်မင်း၊ ခင်နှင်းစိုး၊ ကိုမြင့် နှင့် စိုးစိုး တို့သည် Anonymous အဖွဲ့ဝင်များ မုံရွာမြို့နယ်အတွင်း ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများအား မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်များမှ သွားရောက်ဝယ်ယူပေးခြင်း၊ ရိက္ခာများ စုဆောင်းပေးခြင်း၊ ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို ဖမ်းဆီးရန် ဒလန်ဟုပြော၍ သတင်းပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံများကို ဆက်လက်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။