MT News
၂၂. ၃. ၂၀၂၃
ရုရှား-မြန်မာစီးပွားရေးကောင်စီကို စတင်ထူထောင်လိုက်ပြီး အဆိုပါကောင်စီထူထောင်မှုကို မတ်လ ၂၁ ရက်က မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးအဆောက်အဦ၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်ပဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Alexander KOPKOV က ပဏာမ နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Alexey KALASHNIK ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်ပေါင်းစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ekaterina EVGRAFOVA တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
ဆက်လက်၍ Techpromimport JSC ၏ ညွှန်ကြားရေးမှူးချုပ် Mr. Aleksei SHUPLOV အား ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရန် Mr. Alexander KOPKOV က အဆိုပြုခဲ့ရာ အဖွဲ့ဝင်များက သဘောတူညီခဲ့ကြသည်။ Mr. Aleksei SHUPLOV ကလည်း ၎င်းအနေဖြင့် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုရှားစီးပွားရေးလုပ်ငန်းများဖြစ်သော Russian Environmental Operator (REO) ၊ National Payment Card System “MIR” ၊ Trans-Show Tour travel company ၊ Inter RAO – EXPORT နှင့် R-Pharm တို့မှ ကိုယ်စားလှယ်များက ၎င်းတို့၏ လုပ်ငန်းများ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပြီး Mr. Alexander KOPKOV က ယနေ့ကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေး ကောင်စီ စတင်တည်ထောင်ခြင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အတည်ပြု မှတ်တမ်းတင်ရန် အဆိုပြုကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။