၂၂. ၃. ၂၀၂၃
Written by Pan Ei
နာမည်ကျော် တောင်ကိုရီးယား မိန်းကလေးအဆိုတော်အဖွဲ့ TWICE ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချယ်ယောင်းဟာ နာဇီတွေနဲ့ ဆက်နွှယ်တဲ့ သင်္ကေတဖြစ်ပြီး အမုန်းတရား သင်္ကေတလို့ ကျယ်ပြန်စွာသတ်မှတ်ထားကြတဲ့ Swastika ပုံပါတဲ့ တီရှပ်ကို ဝတ်ဆင်ထားတဲ့ ပုံတွေကို သူမရဲ့ အင်စတာဂရမ် အကောင့်မှာတင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုလိုကိစ္စနဲ့ပတ်သက်ပြီး ချယ်ယောင်းက မတ်လ ၂၁ ရက်နေ့မှာတော့ နာဇီအစိုးရနဲ့ သင်္ကေတရဲ့ ဆက်စပ်မှုကို မသိရှိခဲ့ကြောင်းနဲ့ ရှပ်အင်္ကျီဝတ်ဆင်ခဲ့မိတဲ့အတွက် ဝမ်းနည်းမိကြောင်းကို သူမရဲ့အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် တောင်းပန်စာနဲ့တကွ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဆိုပါ တောင်းပန်စာမှာ သူမက “အင်စတာဂရမ်ပိုစ့်နဲ့ ပတ်သက်ပြီး လေးလေးနက်နက် တောင်းပန်ကြောင်း၊ တီရှပ်မှာပါတဲ့ Swastika ရဲ့ အဓိပ္ပါယ်ကို မှန်ကန်စွာ မသိရှိခဲ့ဘဲ သေသေချာချာ မသုံးသပ်မိခဲ့တဲ့အတွက် အလေးအနက် တောင်းပန်ကြောင်း၊ အလားတူအခြေအနေမျိုး နောက်ထပ်မဖြစ်ပွားစေဖို့ နောင်တွင်လည်း အလေးအနက်ထားလုပ်ဆောင်မည်ဖြစ်ကြောင်း” တွေ ပါဝင်ပါတယ်။
ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူအချို့က နားလည်ခွင့်လွှတ်ပေးခဲ့ကြပြီး အချို့ကလည်း ချယ်ယောင်းဟာ အဆိုပါတီရှပ်ကို မဝတ်ဆင်မီ သင်္ကေတရဲ့ အဓိပ္ပါယ်ကို ပိုမိုသိရှိသင့်တယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါ့အပြင် ချယ်ယောင်းက Swastika ပုံပါတဲ့တီရှပ် ဝတ်ဆင်ထားတာကို မြင်တွေ့ရတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ သူမ မတ်လ ၅ ရက်နေ့က တင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်မှာလည်း အဆိုပါ ရှပ်အင်္ကျီဝတ်ဆင်ထားတာကို တွေ့ရှိခဲ့ကြတာကြောင့် သူမရဲ့ ဖက်ရှင်ရွေးချယ်ရာမှာ ပိုမိုသတိထားသင့်ပြီး အဆိုပါအင်္ကျီကို တစ်ကြိမ်ထက်မက ဝတ်ဆင်ထားတာမို့ ကိုရီးယား အင်တာနက်အသုံးပြုသူအများအပြားက ဝေဖန်ခဲ့ကြပါတယ်။
ဩစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာဆိုရင် အဆိုပါ Swastika သင်္ကေတကို ရည်ရွယ်ချက်ရှိရှိ ပြသသူတွေကို ထောင်ဒဏ် တစ်နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ချမှတ်နိုင်တဲ့ ဥပဒေကို ပြဌာန်းထားပြီး ကွင်းစလန်နိုင်ငံဟာလည်း အဆိုပါ သင်္ကေတနဲ့ တက်တူးထိုးတာတွေကို မကြာသေးမီကစပြီး ပိတ်ပင်ခဲ့ပါတယ်။
Ref; Allkpop