၂၂. ၃. ၂၀၂၃
Translated by Htwe Ko Tun
ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၅ ရှိ မြေငလျင်တစ်ခု ပါကစ္စတန်နိုင်ငံနယ်စပ်အနီးရှိ အာဖဂန်နစ္စတန်နိုင်ငံ၏ Hindu Kush ဒေသကို ဗဟိုပြုလျက် မတ်လ ၂၁ ရက် ညနေပိုင်းက လှုပ်ခတ်သွားခဲ့ရာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၌ ငလျင်ကြောင့် သေကြေပျက်စီးမှုများရှိခဲ့ပြီး ငလျင်လှုပ်ခတ်သည့်ဒဏ်ကို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှပင် သိရှိခံစားခဲ့ကြောင်းသိရသည်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၌ ငလျင်ကြောင့်သေဆုံးသူအရေအတွက်မှာ မတ်လ ၂၂ ရက် နံနက်အထိ အနည်းဆုံး ၁၃ ဦးရှိပြီး ဒဏ်ရာရရှိသူ ရာနှင့်ချီ၍ ဆေးရုံများသို့ ပို့ထားရရာ ဒဏ်ရာရရှိသူ စုစုပေါင်း ၂၀၀ ကျော်ခန့်ရှိကြောင်းလည်း သတင်းများကဆိုသည်။
ငလျင်က ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်အနီး အာဖဂန်နိုင်ငံအတွင်းမှ Jurm ၏ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာ(၂၅ မိုင်) အကွာကို ဗဟိုပြုလျက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ၂၀ ကျော်ပြိုကျခဲ့ကြောင်းလည်းသိရသည်။
Ref——Aljazeera