၂၂. ၃. ၂၀၂၃
Written by Peya
နိုင်ငံရေးပါတီများ မြို့နယ်ရုံးဖွင့်နိုင်ခြင်းမှာ နိုင်ငံရေးရှင်သန်ရန် အရာရောက်သော ကိစ္စတစ်ခု ဖြစ်သည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကလည်း လုံခြုံရေးအတွက် ပံ့ပိုးကူညီပေးရန်လိုကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးလှဌေးက မတ်လ ၂၂ ရက်တွင် MT News သို့ ပြောသည်။
ကျားဖြူပါတီသည် လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဝင်မယ့် ဧရိယာ (မဲဆန္ဒနယ်) ၂၀၀ ကျော် ရှိတာပေါ့နော်။ ဒါက လက်တလော အခြေအနေပါ။ ထပ်ပြီးတော့ ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့ မြို့တွေလည်း ရှိတယ်။ ၂၀၀ အထက်မှာ ရှိမယ်။ ဖွင့်ရမယ့်ရုံးက ပြည်သူ့လွှတ်တော်ဧရိယာနဲ့ တွက်မယ်။ ၃၃၀ နဲ့ တွက်မယ်ဆို ၁၆၅ ရုံးက မဖြစ်မနေ ဖွင့်ရမယ်။ ကျွန်တော်တို့က ဖွင့်နိုင်ဖို့ ရာနှုန်းပြည့် ကြိုးစားမယ်။ ဖွင့်နိုင်ဖို့ဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီနိုင်ငံရေး ရှင်သန်မှုပေါ့။ နိုင်ငံရေးပါတီတွေရဲ့ ရှင်သန်မှုလည်း ဒါက အရာရောက်တဲ့ ကိစ္စဖြစ်တယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့သူတွေ အနေနဲ့ကလည်း ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာ နိုင်ငံရေးရှင်သန်မှုအားကောင်းလာအောင်လို့ မြို့နယ်ရုံးတွေ ဖွင့်တဲ့အခါ ပါတီတွေကဖွင့်တဲ့ မြို့နယ်ရုံးတွေ လုံခြုံစိတ်ချရမှုအတွက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပံ့ပိုးကူညီဖို့ လိုအပ်တယ်။ ဒါမှလည်း ဒီကိစ္စက အောင်အောင်မြင်မြင် ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျားဖြူပါတီသို့ ဆက်သွယ်လာသည့်သူများ ရှိနေသည့်အတွက် ရွေးကောက်ပွဲဝင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တိုးချဲ့ရန် အလားအလာ ရှိနေကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ကို ထပ်ချိတ်ဆက်လာတဲ့ ပြည်နယ်တွေ ရှိတယ်။ ကျွန်တော်တို့ ပြင်နေတုန်းပဲ။ အတိအကျ ပြောလို့မရဘူး။ သူတိုနဲ့ စကားပြောတုန်းပဲ ရှိသေးတယ်။ ထပ်တိုးနိုင်မယ့် အခြေအနေတော့ ရှိပါတယ်။ အဓိကတော့ တောင်ပေါ် မြေပြန့် ပူးပေါင်းပြီးတော့ ပြည်ထောင်စုပါတီ အနေနဲ့ လုပ်တာကို တော်တော်များများက သဘောကျလာကြတယ်။ အဲဒီတော့ ပြည်နယ်တွေက ချိတ်ဆက်နေတာရှိတယ်။ ချိတ်ဆက်တဲ့ သူတွေနဲ့ ဆွေးနွေးလို့ အဆင်ပြေတယ်။ ဒေသခံတွေကလည်း သူတို့ လုပ်ချင်တဲ့ဆန္ဒတွေ ပေါ်လာရင် ပြည်နယ်တွေကိုလည်း တိုးချဲ့ပြီး လုပ်သွားနိုင်ပါလိမ့်မယ်” ဟု ဦးလှဌေးက ဆိုသည်။