၂၂. ၃. ၂၀၂၃
Written by Ye Kyaw
ပြင်ပမှသဘောထားမကိုက်ညီသူများ၏ တင်ပြပြောဆိုမှုများအရ ပြည်တွင်းအထည်ချုပ်ကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဈေးကွက်ရရှိမှုများအတွက် စိန်ခေါ်မှုများရှိနေသဖြင့် ရှိရင်းစွဲဖြစ်စဥ်များကို Survey များပြုလုပ်ပြီး နိုင်ငံတကာသို့ ချပြနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်အသင်းမှ သိရသည်။
“ပြင်ပ ကျွန်တော်တို့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ Made in Myanmar ပြီးရင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း စသောလုပ်ငန်းတွေပေါ်မှာ ပြည်ပသဘောထားမကိုက်ညီတဲ့သူတွေရဲ့ တင်ပြပြောဆိုမှုအရ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း ဈေးကွက်အခြေအနေကို စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒီစိန်ခေါ်မှုတွေ ရှိခဲ့တယ်။ ရှိနေတာတွေကို ကျွန်တော်တို့အသင်းအနေနဲ့ ကျော်လွှားနိုင်ဖို့ဆိုပြီး ဖြစ်ရင်းအမှန် ရှိရင်းအမှန်ဖြစ်တဲ့ Survey လုပ်ဖို့တွေ ဆောင်ရွက်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ်အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
လေ့လာတွေ့ရှိချက်များအပေါ် ပြည်တွင်း အလုပ်သမားများ၏ လိုအပ်ချက်နှင့် သဘောဆန္ဒများကို စစ်တမ်းကောက်ယူပြီး နိုင်ငံတကာသို့ အင်္ဂလိပ်ဘာဖြင့် ပြုစုဖြန့်ဝေးနိုင်ခြင်း၊ ပြည်တွင်း၌ မြန်မာဘာသာဖြင့် ဖြန့်ဝေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အဲဒီကတွေ့ရှိချက်တွေအပေါ်မှာ လုပ်သားများရဲ့ လိုအပ်ချက် ဆန္ဒသဘောထားတွေကို ကျွန်တော်တို့ကောက်ယူပြီး နိုင်ငံတကာကို အင်္ဂလိပ်ဘာသာနဲ့ ပြုစုဖြန့်ဝေနိုင်ခြင်း၊ မြန်မာပြည်တွင်းအတွက် မြန်မာဘာသာဖြင့် ဖြန့်ဝေနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့တယ်” ဟု ဦးမြင့်စိုးက ပြောသည်။
ပြင်ပမှ ဝေဖန်မှုများကြောင့် တာဝန်ရှိသောထွက်ခွာမှုဟုဆိုကာ မြန်မာ့အထည်ချုပ်ကဏ္ဍမှ ထွက်ခွာသွားမည့် လုပ်ငန်းများအနေဖြင့် အလုပ်ပြုတ်သွားမည့် အလုပ်သမားများအတွက် မည်သို့တာဝန်ယူမည်နည်းဟု မြန်မာနိုင်ငံအထည်ချုပ်အသင်းက မတ်လ ၁၉ ရက်တွင် ပြန်လည်မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်လိပ်ကုန်ကြမ်းများ တင်သွင်းကာ ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား (CMP) စနစ်ဖြင့်သာ ဆောင်ရွက်နေရပြီး လက်ရှိတွင် အလုပ်သမားဦးရေ လေးသိန်းခွဲကျော် (အထူးသဖြင့်အမျိုးသမီးများ)ကို အလုပ်အကိုင်ပေးထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခုသီတင်းပတ်အတွင်း အိုင်ယာလန်နိုင်ငံအခြေစိုက် အဝတ်အထည်ဖက်ရှင်ကုမ္ပဏီဖြစ်သော Primark က ကြိုတင်သတိပေးချက်မရှိဘဲ ပိတ်ခဲ့သော ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ ဝန်ထမ်း ၂၂၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရရှိသော အဓိကလုပ်ငန်းများထဲတွင် ပါဝင်နေပြီး တောင်ကိုရီးယားနှင့် တရုတ်တို့က မြန်မာအထည်ချုပ်လုပ်ငန်းတွင် အရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။