၂၂. ၃. ၂၀၂၃
Written by Myo Khine
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာဇ်ဒါဖိစေက်လမ်းသွယ် ၂၀၊ ရာဇ်ဒါဖိစေက်လမ်း ဟွေးခဝမ်ရပ်ရှိ ကွန်ဒိုတစ်ခုပေါ်တွင် ရေကန်သန့်ရှင်းရေး ပြုလုပ်သည့် မြန်မာလုပ်သားနှစ်ဦး ဓာတ်လိုက်သေဆုံးမှု မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားများအရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ကွန်ဒိုပေါ် ရေကန်သန့်ရှင်းရေး ပြုလုပ်သည့် မြန်မာလုပ်သားနှစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်ရေးဖုန်းလိုင်းသို့ အကြောင်းကြားလာသည့် သတင်းအရ ရာမာဌိပဓီဆေးရုံဝန်ထမ်းနှင့် အမြင့်ကယ်ဆယ်ရေးအဖွဲ့တို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဖြစ်တဲ့နေရာနဲ့ ဝေးတာကြောင့် ကူညီရေးလုပ်တာတွေကို မသွားဖြစ်လိုက်ကြပါဘူး။ ကျွန်တော်တို့ ကြားသလောက်ကတော့ ရေကန်ဆေးရင်း ဝါယာရှော့ခ်ဖြစ်တာကနေ ဓာတ်လိုက်တာလို့ ကြားရပါတယ်။ ရေအစိုနဲ့ဆိုတော့ ဓာတ်လိုက်လွယ်တယ်လေ။ ဘယ်လို ဖြစ်တယ်ဆိုတာ တိတိကျကျကိုတော့ မသိသေးဘူး”ဟု မြန်မာရွှေ့ပြောင်းလုပ်သားများအရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
အဆိုပါ ၉ ထပ်မြင့်သည့် ကွန်ဒိုတိုက်ခေါင်မိုးတွင် အမြင့် ၇×၈ မီတာအကျယ်၊ အရှည် ၃×၄×၅ မီတာရှိ ရေကန်တွင်း သန့်ရှင်းရေးပြုလုပ်စဉ် ရေပက်ဖြန်းရာမှ လျပ်စစ်မီးဓာတ်လိုက်၍ သတိမေ့သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ ရေကန်အမြင့်တစ်နေရာတွင် မီးလောင်ထားသည့် မီးပလပ်တစ်ခုကိုလည်း သွားရောက်ကူညီသူများက တွေ့ရှိခဲ့ကြကြောင်း သိရသည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသားများမှာ အသက် ၄၅ နှစ်အရွယ် ကိုခွန်ကီးနှင့် အသက် ၅၀ အရွယ် ကိုနိုင်မွန်ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။