◾️တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအချင်းချင်း သတ်ဖြတ်မှုကျုးလွန်သူများကို ထိုင်းရဲတပ်ဖွဲ့ ဆက်လက်ရှာဖွေနေ
၂၁. ၃. ၂၀၂၃
Written by Pan Ei
တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားသုံးဦးကို သတ်ဖြတ်အလောင်းဖျောက်မှုဖြင့် မသင်္ကာသူ ထိုင်းနိုင်ငံသားငါးဦးကို ဖမ်းဆီးလိုက်ပြီး တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအချင်းချင်း သတ်ဖြတ်မှုကျုးလွန်သူများကို ထိုင်းရဲတပ်ဖွဲ့ကဆက်လက်ရှာဖွေနေသည်ဟု သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးဦး၏ အလောင်းများကို ထိုင်းနိုင်ငံ၊ ဆွန်ခလာမြို့၊ လော့ပ်ဘူရီရမ်ဆွမ် လမ်းမမှ မီတာ၂၀၀ ခန့်အကွာ သစ်တောစပ်တွင် တန်းစီလျှက် အလောင်းများကို တစ်ခုနှင့်တစ်ခု ကြိုးများဖြင့် ချည်နှောင်ထားသည်ကို မတ်လ ၁၅ ရက်နေ့က အမျိုးသားပြန်လည်ထူထောင်ရေးစင်တာက တွေ့ရှိခဲ့သည်။
အဆိုပါ အလောင်းသုံးလောင်းအနက် တစ်လောင်းမှာ ခြေထောက်နှင့် လည်ပင်းတို့၌ ဓားဖြင့်ခုတ်ဖြတ်ဒဏ်ရာများတွေ့ရပြီး ကျန်အလောင်းနှစ်လောင်းမှာ ၎င်းတို့၏ မျက်နှာနှင့် ဦးခေါင်းတို့ကို လေးလံသောအရာများဖြင့် ထုရိုက်ခံခဲ့ရသည့် ဒဏ်ရာများ ရှိနေကြောင်း သိရသည်။ အလောင်း ၃ လောင်းမှာ အသက် ၃၀ မှ ၄၀ ကြား အမျိုးသားနှစ်ဦးနှင့် ဆက်ကျော်သက်အရွယ်လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကို ရှာဖွေဖော်ထုတ်ရန် ဘမ်ခလန် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဆွန်ခလာခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဆွန်ခလာခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခဲ့ရာ မသင်္ကာသူ ထိုင်းလူမျိုး ၅ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့ ၅ ဦးစလုံးကို မတ် ၁၉ ရက် က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
အဆိုပါ မသင်္ကာသူ ၅ ဦးမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား ချောင်ဝစ် ကွမ်ဖန်း သို့မဟုတ် ခို၊ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး နွင်ဂရူးထိုင်း၊ အသက်၂၄ နှစ်အရွယ် အမျိုးသား နာရင် သို့မဟုတ် အွမ်၊ နာရင် ၏ ချစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ကမွန်ဝမ် ပရင်ပရမ် သို့မဟုတ် ဘင် နှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသား နာဗီ ပွန်ခိုင်း တို့ဖြစ်ကြပြီး အဆိုပါ ၅ ဦးစလုံးမှာ ဆမွတ်ပရာခန် ပြည်နယ်မှ ဖြစ်ကြကြောင်း သိရသည်။
စီစီတီဗီ မှတ်တမ်းများနှင့် အနီးနားပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ အဆိုပါအမှု၌ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။
သေဆုံးသူ သုံးဦးသည် နာရင်ပိုင်ဆိုင်ပြီး သူ၏ ချစ်သူအမျိုးသမီး ကမွန်ဝမ် သို့မဟုတ် ဘင် မောင်းနှင်လာသော မီးခိုးရောင် Isuzu D-Max ပစ်ကပ်ထရပ်ကားဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်ကာ ဆူရတ်သနီခရိုင်နှင့် နာခွန် ဆင်သမ်မာရက်ခရိုင်ကို ရောက်သည့်အထိ အာရှလမ်းတလျှောက် မောင်းနှင်လာစဉ် ကားနောက်ခန်းတွင် အော်ဟစ်ရန်ဖြစ်သံများကြားခဲ့ရပြီး လူသတ်မှုဖြစ်ပွားခဲ့သည်ကို မသိရှိဘဲ မောင်းနှင်လာခဲ့ခြင်းဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများအား ယာဉ်ပေါ်မှ ဆင်းခွင့်ပြုစဉ်မှ အလုပ်သမား ၃ ဦးမှာ သေဆုံးနေကြောင်းသိရှိခဲ့ရပြီး အခြားအလုပ်သမားများမှာ ကားပေါ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
တရားခံ(၅)ဦးအား “အခြားသူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ပုန်းအောင်းခြင်းနှင့် ပုန်းအောင်းရာတွင် ပါဝင်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း” စသည့် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားပြီး အဆိုပါ တရားမဝင် မြန်မာလုပ်သားများ ပို့ဆောင်မှုတွင် ပါဝင်ပတ်သက်သူများကို ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားသုံးဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့သည် လောလောဆယ်တွင် မည့်သည့်နေရာ၌ ရှိနေသည်ကို မသိရှိရသေးဘဲ ယင်းတို့၏ ခရီးပန်းတိုင်ဖြစ်သော နာရာသီဝပ်ပြည်နယ်သို့ ရောက်ရှိနေမည်လော၊ တစ်ဖက်နိုင်ငံသို့ ဖြတ်ကျော်သွားပြီလော၊ သို့မဟုတ် ယခုဧရိယာထဲတွင် ပုန်းအောင်းနေဆဲလော ဆိုသည့်အချက်များကိုမူ ဆက်လက်စုံစမ်းနေကြဆဲဖြစ်ကြောင်း သိရသည်။
Ref ; Thailand Post English