၂၁. ၃ .၂၀၂၃
Written by Hey Mar
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်ရည်ရွယ်ပြီး အထူးရထားခရီးစဥ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ပြေးဆွဲမည့်ခရီးစဥ်များမှာ ရန်ကုန် – မန္တလေး- ရန်ကုန်၊ နေပြည်တော် -ရန်ကုန်- နေပြည်တော်၊ ရန်ကုန် -ပြည်- ရန်ကုန်နှင့် မော်လမြိုင်-ရန်ကုန်- မော်လမြိုင် ခရီးစဥ်များဖြစ်ပြီး ၊ ဧပြီ ၇ ရက်၊ ၈ ရက်နှင့် ၁၇ ရက်နေ့များတွင် ပုံမှန်နှုန်းထားများအတိုင်း ပြေးဆွဲပေးသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားမှ တိုင်း (၇) သွားလာရေးမန်နေဂျာ ဦးဇော်လွင်က “စျေးနှုန်းတွေက အပြောင်းအလဲ မရှိပါဘူး။ ပုံမှန် ၈၀၀၀ နဲ့ ၁၀၀၀၀ ဝန်းကျင်ပါ။ ကျွန်တော်တို့က ရုံးပိတ်ရက် အများပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစေဖို့ နှစ်စဥ်နှစ်တိုင်းလည်း ကိုဗစ်ကပ်ရောဂါ ကာလကလွဲရင် ပြေးဆွဲပေးခဲ့ပါတယ်” ဟု MT News သို့ ပြောသည်။
သင်္ကြန်အထူးရထားကို ၇ ရက်နေ့ ၈ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ၇ ရက်နေ့တွင် ရန်ကုန် -မန္တလေးရထား (ထွက်ခွာချိန် ညနေ ၇ နာရီ၁၅ မိနစ်မှ ဆိုက်ရောက်ချိန် ၂ နာရီခွဲ)၊ မန္တလေး -ရန်ကုန် ရထား (ထွက်ခွာချိန် ညနေ ၆ နာရီခွဲမှ ဆိုက်ရောက်ချိန် ၁၂ နာရီ ၄၅ မိနစ်) ၊ နေပြည်တော်- ရန်ကုန် ရထား (ထွက်ခွာချိန် ညနေ ၆ နာရီခွဲမှ ဆိုက်ရောက်ချိန် ၇ နာရီ ၂၀မိနစ်) တို့ကို ပြေးဆွဲပေးမည်ဟု သိရသည်။ ၈ ရက်နေ့တွင် ရန်ကုန် -မန္တလေး ရထား (ညနေ ၇ နာရီ ၁၅ မိနစ်မှ ဆိုက်ရောက်ချိန် နေ့လည် ၂ နာရီခွဲ)၊ မန္တလေး-ရန်ကုန် (ထွက်ခွာချိန် ၆ နာရီခွဲမှ ဆိုက်ရောက်ချိန် ၁၂ နာရီ ၄၅ မိနစ်)၊ ရန်ကုန် -ပြည် ရထား (ထွက်ခွာချိန် နေ့လည် ၁ နာရီမှ ဆိုက်ရောက်ချိန် ၈ နာရီ ၅၅ မိနစ်)၊ ပြည်- ရန်ကုန် ရထား (ထွက်ခွာချိန် ၁၀ နာရီခွဲမှ ဆိုက်ရောက်ချိန် ၆ နာရီခွဲ)တို့ ပြေးဆွဲပေးမည်ဟု သိရသည်။
ထို့အတူ ၁၇ ရက်နေ့တွင် ရန်ကုန် -မန္တလေးရထား (ထွက်ခွာချိန် ညနေ ၇ နာရီ ၁၅ မိနစ်မှ ဆိုက်ရောက်ချိန် နေ့လည် ၂ နာရီခွဲ)၊ မန္တလေး-ရန်ကုန် ရထား (ထွက်ခွာချိန် ၆ နာရီခွဲမှ ဆိုက်ရောက်ချိန် ၁၂ နာရီ ၄၅ မိနစ် )၊ ရန်ကုန် – နေပြည်တော် ရထား (ထွက်ခွာချိန် ညနေ ၅ နာရီခွဲမှ ဆိုက်ရောက်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်)၊ ရန်ကုန် -ပြည် ရထား (ထွက်ခွာချိန် နေ့လည် ၁ နာရီမှ ဆိုက်ရောက်ချိန် ည ၈ နာရီ ၅၅မိနစ်)၊ ပြည်-ရန်ကုန်ရထား (ထွက်ခွာချိန် နံနက် ၁၀ နာရီခွဲမှ ဆိုက်ရောက်ချိန် နံနက် ၆ နာရီခွဲ)တို့ကို ထွက်ခွာပြေးဆွဲမည်ဟု သိရသည်။
အထက်ပါ နေ့ရက်များအပြင် ခရီးသည်လိုက်ပါစီးနင်းမှုအပေါ် မူတည်၍ လိုအပ်ပါက ဧပြီလ ၉ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် အထူးရထားများကို ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ အတက်နေ့ဖြစ်သည့် ၁၆ ရက်နေ့အထိ လူစီးရထားများပြေးဆွဲမှုကို ခေတ္တရပ်နားထားမည်ဖြစ်သည်ဟု မြန်မာ့မီးရထားမှသိရသည်။
ရထားစီး ခရီးသွားပြည်သူများအား အထက်တန်းရထားလက်မှတ်များကို ၃ ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်း ရထားလက်မှတ်များကို ၁ ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လျှောက်လွှာများဖြင့် ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။