၂၁. ၃. ၂၀၂၃
Written By Thandar
မင်္ဂလာဆောင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘဝတူသက်ကြီး ပုဂ္ဂိုလ်တွေ၊ နိုင်ငံကျော် မိတ်ကပ်ပညာရှင်များနဲ့ ဘဝတူ ပညာရှင်များရဲ့ ဒုတိယအကြိမ် ဂါရဝပြုပူဇော်ပွဲကို မတ်လ ၂၀ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ အောက်ကြည့်မြင့်တိုင် ကမ်းနားလမ်းမှာရှိတဲ့ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“မကြီးတို့ ကန်တော့ခံထဲမှာပါတဲ့သူတွေက ရှေ့က စီနီယာတွေလည်းဖြစ်တယ်။ မကြီးတို့ရဲ့ သင်ဆရာ မဖြစ်ခဲ့သော်လည်း မြင်ဆရာ၊ ကြားဆရာတွေပါ။ နောက်ပြီး တစ်ခေတ်တစ်ခါမှာ နာမည်တစ်ခုရအောင် ထူထောင်နိုင်ခဲ့တဲ့သူတွေလည်း အများကြီးပါတယ်။ မကြီးတို့ လေးစားချစ်ခင်ရသူတွေပေါ့။ ဘယ်မြို့နယ်၊ ဘယ်သူက နာမည်ကြီးတယ်။ အဲဒီလို နာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကန်တော့ခံထဲမှာ အများကြီးပါတယ်။ ကိုယ့်ရဲ့ မြင်ဆရာ၊ ကြားဆရာထဲမှာပါသူတွေ လူကြီးဖြစ်တဲ့အခါမှာ အလုပ်တွေနည်းသွားတယ်။ လူမူရေးတွေ နည်းသွားချိန်မှာ နေထိုင်ရပ်တည်ရတာလည်း ကျပ်တည်းလာတာရှိကြတယ်လေ။ စိတ်အားငယ်တဲ့အခါမှာ မကြီးတို့ ခေါ်ပြီးကန်တော့တယ်။ အချင်းချင်း နွေးနွေးထွေးထွေး စကားတွေပြောကြတဲ့အခါမှာ သူတို့လည်း စိတ်သစ်လူသစ်တွေလည်း ဖြစ်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် မကြီးတို့အားလုံး စိတ်ကြည်နူးရပါတယ် ပီတိလည်းဖြစ်ရပါတယ်”လို့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်ကပြောပါတယ်။
ဒီဂါရဝါပြုပူဇော်ပွဲမှာ ကန်တော့ခံ ဘဝတူ သက်ကြီးပညာရှင် ၃၉ ဦးရှိပြီး တစ်ဦးကို ငွေကျပ် ၁၁၀၀၀၀ နဲ့ Nice Food မုန့်၊ ဆေးဝါးတွေ စတဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။