၂၁. ၃. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် ချစ်သူနှင့် စကားများသူ အသက် ၁၈ နှစ်အရွယ်ခန့် အမျိုးသားက ကိုယ့်ကိုယ်ကိုယ် ကတ်ကြေးဖြင့်ထိုးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်တွင် လူနာကို ဆေးရုံပို့ပေးခဲ့သည့် ပရဟိတ လူငယ်များ ပရဟိတအသင်းမှ ကိုရွှေမိုးအောင်က MT News သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၂၁ ရက် မွန်းလွဲပိုင်း ၁၂ နာရီ အချိန်ခန့်က ရန်ကင်းမြို့နယ်၊ မဥ္ဇူလမ်းထိပ်တွင် ရည်းစားနှင့် စကားများကာ ရည်းစားက ပြန်သွားပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားက အထက်ပါအတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကာ အသက်အန္တရာယ် စိုးရိမ်ရန်မရှိကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော့်ဆီကို သတင်းစရတာက ရဲစခန်းက အကြောင်းကြားပေးတာပါ။ ရဲစခန်းကိုကျတော့ ဘေးပတ်ဝန်းကျင်က သူ အဲဒီလို လုပ်နေတယ်လို့ အကြောင်းကြားတာပေါ့။ ကျွန်တော်ထင်တာက ဓားထိုးမှုဖြစ်တယ်ဆိုတော့ ရန်ဖြစ်ပြီး ထိုးတာလား။ ပစ္စည်းလုပြီး ထိုးတာလား။ ပုံမှန်အတိုင်းပဲ တွေးတာ။ ဟိုရောက်တော့မှ သူ့ကိုယ်သူထိုးတာ သိတာ။ ရန်ကင်းရဲစခန်းက ဆေးစာနဲ့ စံပြဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံတက်ရမယ် ပြောတယ်။ သွေးထွက်လွန်ထားတဲ့ ပုံစံပဲ ရှိတာပါ” ဟု ကိုရွှေမိုးအောင်က ဆိုသည်။
အထက်ပါ လူနာကို ရန်ကင်းမြို့နယ်ဘက်ခြမ်း ပါရမီလမ်းမဘေး၊ နှင်းဆီလမ်းအနီးတွင် သွားခေါ်ခဲ့ရခြင်းဖြစ်ကာ စကားပြောနိုင်သည့် အခြေအနေရှိပြီး သွေးထွက်လွန်ထားသည့်အတွက် အားကုန်နေသော အနေအထားကို တွေ့မြင်ရကြောင်း ၎င်းက ဆိုသည်။
“ထိုးမိတဲ့ ဒဏ်ရာလည်း ရှိတယ်။ ကက်ကြေးအသွားနဲ့ ဆွဲခွဲသလို အသားတွေကျသွားတာလည်း ရှိတယ်။ အချွန်နဲ့ ထိုးမိတဲ့ ဒဏ်ရာလည်း ရှိတယ်။ ရှသွားတဲ့ ဒဏ်ရာလည်း ရှိတယ်။ အားလုံး ၆ ချက်ပါ။ အားလုံး ကြီးကြီးတော့ မဟုတ်ဘူး။ ဒဏ်ရာက ခြောက်ချက်လောက် ဖြစ်တော့ သွေးထွက်တာ နည်းနည်း များချင်တယ်။ ဒါလေးပဲ” ဟု ၎င်းက ဆိုသည်။