၂၀. ၃. ၂၀၂၃
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂,၀၀၂ ဒေါ်လာအထိ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ကျပ်သိန်း ၃၀ ခန့်အထိမြင့်တက်လာသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ယာယီရပ်ဆိုင်းမှုများရှိခဲ့ကြောင်း ပြည်တွင်းရွှေအရောင်း အဝယ်ပြုလုပ်သူများထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်လာသဖြင့် မတ်လ ၂၀ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ၂,၉၇၉,၀၀၀ အထိမြင့်တက်ခဲ့ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်နှုန်းမှာလည်း နှစ်ပတ်ကျော်အတွင်း ကျပ် ၁၈၆,၀၀၀ ကျော် တိုးမြှင့်သတ်မှတ်ခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေသည် ယခင်ကဖြစ်ခဲ့သည့် ဖြစ်စဥ်များကဲ့သို့ ဈေးနှုန်းဆွဲတင်ခြင်း ဈေးကစားခြင်းများကြောင့် မဟုတ်ဘဲ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ဈေးကွက်သဘောတရားအရ ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
“ပိတ်သိမ်းလောက်တဲ့အထိ အဲဒီလိုကြီးတော့ မဖြစ်နိုင်ပါဘူး။ ဈေးတန်းတစ်ခုကတော့ Floating နဲ့ သွားနေမှာပဲ။ လောလောဆယ်ထိန်းကျောင်းရမယ့် အခြေအနေဆိုတော့လည်း ဈေးနှုန်းကို ထိန်းကျောင်းရမယ် သဘောသဘာဝတော့ရှိပါတယ်။ ကမ္ဘာ့အခြေအနေကြောင့် တက်သွားတာလည်း မှန်တယ်။ ဒီမှာကလည်း လက်ရှိအခြေအနေ အခင်းအကျင်းကလည်း ဈေးနှုန်းကို ထိန်းကျောင်းရမယ့်ခေတ်ကာလဆိုတော့လည်း ထိန်းကျောင်းရမယ့် သဘောတော့ဆောင်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁,၈၀၀ အောက်အထိ ကျဆင်းမှုရှိခဲ့ကာ ဖေဖော်ဝါရီလအကုန်ပိုင်းတွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး မတ်လဆန်းပိုင်းမှစတင်ကာ ကမ္ဘာ့ရွှေဈေး ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်။ မတ်လဆန်းပိုင်းမှ ပိုမိုမြင့်တက်လာခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ရက်ပေါင်း ၂၀ အတွင်း ဒေါ်လာ ၁၆၀ ခန့်အထိ မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။
အမေရိကန်ရှိ ဘဏ်နှစ်ခု ဒေဝါလီခံလိုက်ရချိန်မှစတင်ပြီး ကမ္ဘာ့ရွှေဈေး တဟုန်ထိုး မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး တက်ခြင်းရှိနေသော်လည်း မြန်မာနိုင်ငံ၏ ငွေဈေးမှာ ပြောင်းလဲခြင်းမရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကို အကြောင်းပြုပြီး ပြင်ပရွှေဝယ်ရောင်းများမှ ပြည်တွင်းရွှေဈေးကွက်အတွင်း လုယက်ဝယ်ယူခြင်းမျိုး မပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံထားသည်။
ရွှေဈေးနှုန်း တအားမြင့်တက်ခဲ့လျှင် ရွှေဈေးအတက်အကျမကြမ်းအောင် အသင်းအနေဖြင့် ထိန်းကြောင်းပေးရန်ဖြစ်ပြီး ပြင်ပမှ ဈေးကစားမှုများရှိခဲ့ပါက အသင်းအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် တာဝန်လည်းယူမည်မဟုတ်သောကြောင့် ဈေးကစားသူများ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀၊ မတ်လ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၂,၈၉၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၅ ကျပ်၊ မတ်လ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၂,၉၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။