၂၀.၃.၂၀၂၃
Written by Peya
ဂျပန်ဖိတ်ခေါ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သတင်းရရှိသည်။
ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup အုပ်စု (C) ၏ ဒုတိယပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် မတ် ၁၉ ရက်က မြန်မာ ယူ – ၁၇ အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ – ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ပွဲချိန် ၁၄ မိနစ်တွင် ဦးဆောင်ဂိုးပေးခံရသော်လည်း ပထမပိုင်းတွင် ၂ ဂိုး ပြန်သွင်းယူနိုင်ခဲ့သည့်အတွက် ၁ ဂိုး အသာရလဒ်ဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ၁ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သောကြောင့် ခြေစွမ်းအသာဖြင့် ၃ ဂိုး ၁ ဂိုး ရလဒ်ရကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်က မြန်မာအသင်းအတွက် ပထမဆုံးအုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက ၄ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲတွင် ပထမပိုင်း ၃ ဂိုး၊ ဒုတိယပိုင်းတွင် ၁ ဂိုး ပေးခဲ့ရခြင်းဖြစ်သည်။
အထက်ပါရလဒ်များကြောင့် မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် အုပ်စု (C) တွင် ဒုတိယနေရာရရှိခဲ့ပြီး အဆင့်သတ်မှတ်ချက်အတွက် မတ် ၂၀ တွင် အုပ်စု (D)မှ ဒုတိယနေရာရသည့် လာအိုအသင်းနှင့် ကစားရမည်ဖြစ်ကာ ယင်းနောက် ၂၁ ရက်တွင်လည်း နောက်ဆုံးပွဲစဉ်တစ်ပွဲကိုဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွက် အုပ်စု (A)တွင် အိုကီနာဝါအက်ဖ်စီ၊ ဗီယက်နမ်၊ မလေးရှား၊ အုပ်စု (B)တွင် အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယား၊ စင်ကာပူ၊ အုပ်စု(C) တွင် ဂျပန်၊ မြန်မာ၊ ဖိလစ်ပိုင်၊ အုပ်စု (D)တွင်ထိုင်း၊ လာအို၊ တီမောတို့ ပါဝင်ကြခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များပြီးပါက အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။