၂၀.၃.၂၀၂၃
Written by Ye Kyaw
ပြည်တွင်း၌ ဆန်ဈေးနှင့် စပါးဈေး မြင့်တက်နေမှုကြောင့် Quota စနစ်ဖြင့် တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပို့ရမည်ဖြစ်သဖြင့် ဆန်တင်ပို့ရန် လိုင်စင်အသစ်လျှောက်ထားမှု ရရှိရန်မလွယ်ကူဘဲ လိုင်စင်အဟောင်းများကိုလည်း စစ်ဆေးမှုများဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
“လက်ရှိကတော့ Quota စနစ်တော့ ပြန်လုပ်ထားတယ်။ တစ်လကို တန်ချိန်တစ်သိန်းခွဲလောက်ပဲ တင်ပို့မယ်ပေါ့။ ဒီသုံးလ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီကိုပေါ့။ ပြည်တွင်း ဆန်စျေး၊ စပါးဈေးတက်တော့ တစ်သိန်းခွဲလုပ်မယ်ဆိုတော့ ဘာဖြစ်လဲဆိုတော့ လိုင်စင်လျှောက်တဲ့ဟာ သုံး၊ လေးသိန်းရှိတော့ လိုင်စင်အသစ်ကတော့ လောလောဆယ်ရဖို့မလွယ်ဘူးပေါ့နော်။ လိုင်စင်ရှိပြီးသားသူတွေကို ဘာလုပ်နေလဲဆိုရင် သွားရောက်စစ်ဆေးနေတာမျိုးလုပ်နေတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး နှစ်ခုလုံးဖြင့် ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်မှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အာဖရိက၊ အာရှ၊ ဥရောပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုမှဝင်ငွေ ဒေါ်လာ ၇၈၃ သန်းရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ဇန်နဝါရီလတွင် တန်ချိန် ၂၆၈,၈၃၅ တန်တင်ပို့မှုမှ ဒေါ်လာ ၁၀၇ သန်းဖြင့် အများဆုံးတင်ပို့ထားခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် တန်ချိန် ၂၆၄၀၃၈ တန်တင်ပို့မှုမှ ဒေါ်လာ ၁၀၆ သန်းဖြင့် ဒုတိယအများဆုံး တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။