၂၀.၃.၂၀၂၃
Written by Peya
NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် Hack ခံရသည်ဟု ယူဆရသော ဖြစ်စဉ်တစ်ခု မတ်လ ၁၉ ရက် သန်းခေါင်ယံ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော်လည်း ပြန်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ကာ ပုံမှန်ကြော်ငြာချက်ပြန်ထုတ်သည်ကို MT News သတင်းဌာနက တွေ့မြင်ရသည်။
ALP အနေဖြင့် ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၉ ရက်တွင် ALP ပါတီ၏ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါစာမျက်နှာသည် Hack ခံရသည်ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်မဖြစ်ပွားမီ ထုတ်ပြန်ချက်အတွင်း ပါတီနှင့် ၆ လကျော်ကင်းကွာပြီး တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေကြသောခေါင်းဆောင်များ၊ ပါတီအပေါ် သစ္စာမဲ့ကာ ပါတီပြိုကွဲရေးကို လုပ်ဆောင်နေကြသူများ၊ ၂၀၂၂ ခုနှစ် ပါတီကို ပြန်လည်ဖွဲစည်းချိန်ကစ ဘေးထိုင်နေကြသူများ အားလုံးကိုချန်လှပ်ပြီး ရိုးသားစွာအနစ်နာခံ သက်စွန့်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်နေကြသူများဖြင့်သာ ဖွဲ့စည်းလိုက်ကြောင်းနှင့် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်း၊ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် အဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး မတ်လ ၅ ရက်တွင် ဖွဲ့စည်းရန် ပြင်ဆင်ခဲ့သော်လည်း ပါတီ၏အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းဖြစ်လာမည်လားဟု စောင့်စားကာ မထုတ်ပြန်ဘဲနေခဲ့ကြောင်း၊ သို့သော် နိုင်ငံရေးသတ်ကွင်းများကို ဖန်တီးလာကြသော လူတစ်စုကြောင့် မိမိတို့သွားလိုသည့် နိုင်ငံရေးခရီးလမ်းကို ဖြောင့်တန်းစွာသွားလိုသည့်အတွက် ဤ ဖွဲ့စည်းမှုကို မလွဲမရှောင်သာလုပ်ဆောင်လိုက်ရသည်ဟု ဖော်ပြထားသည်။
ထိုသို့ ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ် ပြန်ဖွဲ့စည်းခြင်း တရားမဝင်ကြောင်း၊ ယခု စာမျက်နှာမှာ တရားဝင်သတင်းထုတ်ပြန်သော စာမျက်နှာမဟုတ်တော့ကြောင်း၊ ဥက္ကဋ္ဌခိုင်ရဲခိုင် ဦးဆောင်သော ALP သာ တရားဝင် ဖြစ်ကြောင်း၊ ဒေါ်စောမြရာဇာလင်းကို မကြာမီ ထုတ်ပယ်မည်ဖြစ်ကြောင်း စသည်ဖြင့် စာများကို တစ်ခုချင်းစီခွဲကာ အထက်ပါ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အသုံးပြုနေသော Facebook စာမျက်နှာကို မသမာသူ လူတစ်စုက မတ်လ ၁၉ ရက် ညအချိန် တိုက်ခိုက်ဖျက်စီးထားသည်ကို မတ်လ ၂၀ ရက် နံနက် ၈ နာရီခွဲတွင် သိရကြောင်း အချိန်မီထိန်းသိမ်း ပြန်ယူလိုက်ပြီဖြစ်ကြောင်း၊ ALP အမည်ခံ သတင်းဖြန့်ဝေနေသည့် စာမျက်နှာများမှာ အတု အယောင်သာဖြစ်ကြောင်းကို မတ်လ ၂၀ ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် ပြန်လည်ရှင်းလင်း ရေးသားလာခဲ့ကြောင်း တွေ့မြင်ရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ တာဝန်ရှိသူ ဆက်သွယ်မေးမြန်းရာ ဥက္ကဋ္ဌမှာ အလုပ် များနေသည့် အခြေအနေဖြစ်ကြောင်း၊ ညနေပိုင်းတွင် ဖုန်းပြန်ခေါ်ပေးပါရန်နှင့် MT News က မေးမြန်းထားသည်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။