◾️ နေပြည်တော်နှင့် မန္တလေးတွင်လည်း OWIC ထုတ်ပေးရေးရုံးများ ထပ်မံဖွင့်လှစ်ရန် စီစဉ်ထား
၂၀.၃.၂၀၂၃
Written by Peya
ပြည်ပအလုပ်အကိုင်လက်မှတ် (OWIC) ကို ရှစ်မိုင်အလုပ်သမားရုံးတွင် ယနေ့မှစတင်ကာ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနထံက သိရပြီး နေပြည်တော်နှင့် မန္တလေးတွင်လည်း OWIC ထုတ်ပေးရေးရုံးကို ထပ်မံဖွင့်လှစ်ရန်စီစဉ်ထားကြောင်း အဆိုပါဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက MT News သတင်းဌာနသို့ ပြောသည်။
ယခင်က OWIC ကတ်များကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ)၊ ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဗိုလ်မင်းအောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်သူများအတွက် ထုတ်ပေးခဲ့ပြီး ပိုမိုအဆင်ပြေချောမွေ့စေရန် မိမိအစီအစဉ်ဖြင့် လျှောက်ထားသည့် အလုပ်သမားများအတွက် ယခုလ ၆ ရက်က စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးတွင် ပြောင်းလဲထုတ်ပေးခဲ့ခြင်း ဖြစ်ဖြစ်သည်။
“ထိုင်းနိုင်ငံကို သွားမယ့် MOU လုပ်သားတွေကိုတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာရှိတဲ့ ထုတ်ပေးရေးဌာနတွေမှာပဲ ဆက်လုပ်ဖို့ ဖြစ်တယ်။ ကျန်တဲ့ တစ်ဦးချင်းသွားမယ့်အဖွဲ့တွေ၊ ပြည်ပကနေ ခွင့်ပြန်ပြီး ပြန်ထွက်မယ့် ရွှေ့ပြောင်းလုပ်သားတွေ၊ ပြည်ပနိုင်ငံတွေမှာ ပီအာရပြီး အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့တွေ ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး OWIC ကတ်လုပ်တာကိုတော့ မရမ်းကုန်းမြို့နယ်မှာ ဌာနခွဲတစ်ခုကို ထပ်ဖွင့်ပြီး သီးခြားလုပ်ပေးတာ ဖြစ်ပါတယ်။ ရန်ကုန်မှာတင် နှစ်ခုလုပ်တဲ့အတွက် မြန်ဆန်မှုနဲ့ အဆင်ပြေမှုကို ဝန်ကြီးဌာနက ဝန်ဆောင်မှုပိုကောင်းအောင် ဆောင်ရွက်ပေးတဲ့သဘော ဖြစ်ပါတယ်။ ထပ်ပြီးတော့ နေပြည်တော်မှာရော မန္တလေးမှာပါ ဖွင့်လှစ်ဖို့အတွက် လူအင်အားဖွဲ့စည်းမှုတွေ အထောက်အကူပစ္စည်းတွေ၊ ထုတ် ပေးရေးစက်တွေ မှာထားပြီးဖြစ်ပါတယ်” ဟု ဦးညွန့်ဝင်းက ရှင်းပြသည်။
ပြည်ပနိုင်ငံများသို့ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်အလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများနှင့် ပြည်ပနိုင်ငံများမှ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများအတွက် OWIC ကတ်ထုတ်ပေးရာတွင် ပွဲစားများဖြင့် ဆောင်ရွက်ခြင်းကို တားမြစ်နိုင်ရန်နှင့် အလုပ်သမားများ အချိန်ကုန်၊ ငွေကုန်ခြင်းကို သက်သာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးတွင် နေချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ထိုသို့ ထုတ်ပေးရာတွင် ယခင်ကြေညာထားသည့် စာရွက်စာတမ်းမူရင်း၊ မိတ္တူတစ်စုံစီတို့ဖြင့် ကိုယ်တိုင်သွားရောက်ကာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။