MT News
Written By Thandar
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ Face of Beauty International 2023 ပြိုင်ပွဲမှာ Best in National Costume Winner ဆုနဲ့ Teen Face of Beauty International 2023 Winner ဆုတို့ကို မြန်မာအလှမယ် Kendra Erika က ဆွတ်ခူးရရှိခဲ့ပါတယ်။
သူမက မြန်မာ့ရိုးရာ အဆင်တန်ဆာဖြစ်တဲ့ “ဒွါဒယာ”ကို တီထွင်ဖန်တီးပြီး မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ဖော်မယ်လို့ဆိုပါတယ်။ ရှေးဟောင်းအမွေအနှစ်ကို ဖော်ဆောင်ထားတဲ့ ရွှေအိုရောင် အဆင်တန်ဆာတွေကိုလည်း ဒီဇိုင်နာကိုပြည့်စုံ(ဘားအံ)ရဲ့ လက်ရာမြောက်ဖန်တီးထားတဲ့ မြန်မာ့ကိုယ်စားပြု အမျိုးသားဝတ်စုံ National Costume ကို “ဖန်တီးမှု၏သမိုင်း” အမည်ပေးထားတဲ့ ဝတ်စုံလေးနဲ့ မြန်မာကိုယ်စားပြုအလှမယ်လေး Kendra Erika ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ National Costume Evening Gown and Runway show ကို မတ်လ ၁၆ ရက်က ကျင်းပခဲ့ရာ မြန်မာကိုယ်စားပြုအလှမယ် Kendra Erika က Best in National Costume Winner ဆုကို ဆွတ်ခူးရရှိခဲ့သလို အသက် ၁၉ အရွယ် မြန်မာအမျိုးသမီးလေး တစ်ယောက်ရဲ့ ပြင်ဆင်မှုတွေ၊ ကြိုးစားမှုတွေနဲ့ စိတ်အားထက်သန်မှုတွေကြောင့်မို့ Teen Crown ကြီးကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
၉ ကြိမ်မြောက် Face of Beauty International 2023 ပြိုင်ပွဲကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ မတ် ၇ ရက်ကနေ ၂၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး Face of Beauty Myanmar 2022 အလှမယ် Kendra Erika နဲ့ အတူ နိုင်ငံ ၂၇ က ကိုယ်စားပြုအလှမယ်တွေ ပါဝင်ယှဉ်ပြိုင်လျက်ရှိတယ်လို့ သိရပါတယ်။