October 23, 2024

MT News

Written by Myo Khine

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် အဆင်မပြေ၍ နယ်စပ်ခြံစည်းရိုးအောက်ခြေမှ တိုးဝှေ့ဝင်ရောက်လာသည့် အရေအတွက် ၄ ဦးပါ ဘင်္ဂါလီ မိသားစုတစ်စုကို မတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

ဘူးသီးတောင်မြို့ အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်ဝင်ထွက်မှုများ စစ်ဆေးနေစဉ် မေယုလမ်းမအတိုင်း မြို့ထဲသို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်ဘင်္ဂါလီ ၄ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော မိသားစုမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသား အာမ်ဖီယာစ် ၊ အသက် ၂၆ နှစ်အရွယ် ဇနီး အာဆီယာဘီဘီနှင့် ၎င်းတို့၏ ၄ နှစ်အရွယ် သား ဆော်မိရ်၊ ၂ နှစ်အရွယ် သမီး ဆူမိုင်ရာအာဖ်တာရ်တို့ဖြစ်ပြီး သက်ဆိုင်ရာက စစ်ဆေးမေးမြန်းစဉ် ယင်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလူခါလီဒုက္ခသည်စခန်း၌ နေထိုင်ကြကြောင်း၊ ဒုက္ခသည်စခန်း၌ နေထိုင်စဉ် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၅ ရက်တွင် စခန်းအတွင်းကထွက်ခွာလာကာ တောင်ပြိုလက်ဝဲအနီး နယ်စပ်ခြံစည်းရိုးအောက်ခြေမှ တိုးဝင်၍ ဘူးသီးတောင်မြို့ရှိ ဆွေမျိုးများထံသို့ လာရောက်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု သိရသည်။

“သူတို့က နယ်ရပ်စွန့်ခွာပြီးတော့ ထွက်ပြေးသွားတဲ့ သူတွေ။ အခုကတော့ ပြန်လည်ပြီး စိစစ်လက်ခံတာတွေကိုလည်း လုပ်ဖို့ စီစဉ်နေတဲ့အချိန် ဖြစ်တယ်။ အဲဒီလို အချိန်တွေမှာ တစ်ဖက်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အဆင်မပြေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီဘက်ကို ပြန်ပြီး ဝင်လာကြတယ်ဆိုတဲ့ သဘောပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တရားမဝင်တဲ့ နယ်စပ်ဖြတ်ကျော်မှု ဖြစ်တဲ့အတွက် လဝကဥပဒေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ ကလေးတွေကတော့ သူတို့ ဆွေမျိုးတွေကို အပ်နှံမှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက MT News သို့ ပြောသည်။

ယခုအခါ ကလေးငယ် နှစ်ဦးအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ယာယီထိန်းသိမ်းကာ ယင်းမှတစ်ဆင့် ဆွေမျိုးများထံ အပ်နှံ၍ အဆိုပါ အသက် ၃၁ နှစ်အရွယ် အမျိုးသား အာမ်ဖီယာစ်နှင့် အသက် ၂၆ နှစ်အရွယ် ဇနီး အာဆီယာဘီဘီ တို့ကို လဝက ဥပဒေအတိုင်း အမှုဖွင့်အရေးယူရန်စီစဉ်နေကြောင်း သိရသည်။

သက်ဆိုင်ရာအနေဖြင့် ပြီးခဲ့သည့်လများက ရခိုင်ပြည်နယ်အတွင်း အထောက်အထားမဲ့ ခိုးဝင်သွားလာနေကြ၍ ဖမ်းမိသော ဘင်္ဂါလီအရေအတွက်မှာ ဇန်နဝါရီလအတွင်းက ၅၅ ဦး ၊ ဖေဖော်ဝါရီလအတွင်းက ၁၀၇ ဦး ရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *