◾️ မြန်မာအသင်းအနေဖြင့် အဆိုပါ အုပ်စုမှတက်ရန် အလားအလာကောင်း
၁၈.၃.၂၀၂၃
Written by Thuta Zaw
ပါရီအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။
အဆိုပါ အုပ်စုအတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အဆင့် ၄၈ တွင် နေရာယူထားသည့် အသင်းဖြစ်နေသည့်အပြင် အာရှဇုန်အတွင်း စုဖွဲ့မှုအားသာသည့် အနေအထားနှင့် ခြေမာသည့် အသင်းတစ်သင်းလည်း ဖြစ်နေသည့်အတွက် အုပ်စုတက်ရန် အခြေအနေကောင်းနေခြင်းဖြစ်ပြီး အဆိုပါအုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။
၂၀၂၄ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ် (Training match)အဖြစ် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မတ် ၁၇ ရက်က ကမ္ဘောဒီးယား အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၀) ဂိုးဖြင့် အနိုင်ရရှိထားပြီး မတ် ၁၉ ရက်တွင် Sichuan FC အသင်း၊ မတ် ၂၂ရက်တွင် Changchun FC အသင်းတို့နှင့်ခြေစမ်းပွဲများ ဆက်လက် ကစားသွားမည်ဖြစ်သည်။
၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ၂၀၂၂ အမျိုးသမီးလိဂ်ပြိုင်ပွဲအပြီး နိုဝင်ဘာလမှစတင်ကာ ပဏာမကစားသမား (၃၅)ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် အိုလံပစ်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၄ ဦး ရွေးချယ်ထားပြီး ဖြစ်သည်။