၁၈. ၃. ၂၀၂၃
Written by Ye Kyaw
အလုပ်အကိုင်အခွင့်အလမ်းများရှားပါးနေချိန် တစ်နေရာတည်းမှာပင် ကုမ္ပဏီ ၅၀ ကျော်၌ အလုပ်လျှောက်နိုင်မည့် JobNet Myanmar ၏ အလုပ်အကိုင်ပြပွဲကို ယနေ့တွင် Novotel ဟိုတယ်၌ ကျင်းပလျက်ရှိပြီး အလုပ်အကိုင်အလိုအပ်သူဦးရေ တစ်သောင်းကျော်အထိ စာရင်းပေးသွင်းထားကြောင်း သိရသည်။
အဆိုပါ အလုပ်အကိုင်ပြပွဲကို မတ်လ ၁၈ ရက် (ယနေ့)တွင် ရန်ကုန်မြို့ရှိ Novotel Hotel Ballroom ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း တစ်ရက်တည်းသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီပေါင်းကတော့ ၅၀ ကျော်လောက်ရှိတယ်။ Registration က ၁၁,၀၀၀ လောက်ရှိတယ်။ တကယ်လာတဲ့သူကျတော့ ကျွန်တော်တို့ ညနေကျမှ အတိအကျသိရမှာ။ JobNet မှာ အကောင့်ရှိတယ်ဆိုရင် အဲဒါနဲ့ ဒီဘက်က ကုမ္ပဏီတွေမှာ QR ရှိတယ်။ ဒီနှစ်ခုကို ချိတ်ဆက်ပြီး လိုအပ်တဲ့ အချက်အလက်ဖြည့်ပြီး အလုပ်လျှောက်ရုံပဲ။ လွန်ခဲ့တဲ့ တစ်လလောက်ထဲက ကြေညာထားတယ်။ အခုက တစ်ရက်ပဲလုပ်မှာပေါ့နော်။ မလုပ်ဖြစ်တာကလည်း သုံးနှစ်ရှိပြီ။ ၂၀၂၀ နောက်ပိုင်းမှာ မလုပ်ဖြစ်တော့တာ။ ကိုဗစ်နဲ့ အခြားအကြောင်းအရာတွေအရပေါ့။ လူတွေကလည်း စုလို့မရဘူး။ ဒီနှစ်ပိုင်းမှာမှ ပွဲတွေပြန်လုပ်လို့ရတာ” ဟု JobNet Group မှ Senior Business Development Manager က ပြောသည်။
အလုပ်အကိုင်ပြပွဲတွင် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်း၊ ပညာရေးဆိုင်ရာလုပ်ငန်း စသည်တို့အပြင် အခြားသော လုပ်ငန်းအမျိုးအစားများ လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီလုပ်ငန်းပေါင်း ၅၀ ကျော်မှ ၎င်းတို့အတွက် လိုအပ်နေသည့် လုပ်ငန်းနယ်ပယ်များအတွက် အလုပ်အကိုင်များ ခေါ်ယူသွားမည်ဖြစ်သည်။
“ကျွန်တော်တို့ အလုပ်နားထားတာ တော်တော်ကြာပြီ။ အပြင်မှာ အေဂျင်စီတွေနဲ့ လျှောက်ခဲ့တာတွေရှိတယ်။ ပိုက်ဆံအရင်ပေးရတယ်။ ပြီးရင်အင်တာဗျူးတောင်မခေါ်ဘူး။ ဒီမှာကျွန်တော်က အရောင်းပိုင်းလာလျှောက်ဖို့ပေါ့။ အရင်က အငယ်တန်းအရောင်းစာရေးလုပ်ဖူးတယ်။ လာလေ့လာတာလည်းပါတယ်။ အပြင်မှာ အလုပ်အကိုင်က ရှားနေတော့ ကျွန်တော်တို့ကတော့ ဒီလိုခေါ်တဲ့ဆီ တိုးရတာပဲ” ဟု မြောက်ဥက္ကလာမြို့နယ်မှ လာရောက်လေ့လာသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့တွင် ပြုလုပ်သည့် အလုပ်အကိုင်ပြပွဲသို့ အများဆုံးလာရောက်လေ့လာသူများမှာ လူငယ်များဖြစ်ပြီး တစ်ခါတည်းအလုပ်ဝင်လျှောက်သွားသူများနှင့် သီးသန့်လာရောက်လေ့လာသူများကိုလည်း တွေ့ရသည်။
#mtnews #myanmar_transparency_news