၁၈. ၃. ၂၀၂၃
Written by Nay Aung
ကမ္ဘာတဝှမ်းရှိပြည်သူများ၏ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ၏ အဆင့်သတ်မှတ်ချက်သည် ဖိနှိပ်ခံအဆင့် “Repressed” မှ “Closed” တံခါးပိတ်အဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော CIVICUS Monitor ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် People Power Under Attack 2022 အမည်ရှိ ကမ္ဘာတဝှမ်းမှ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အဆင့်သတ်မှတ်ချက်များထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက တရုတ်၊ လာအို၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ဟောင်ကောင်တို့နှင့်အတူ အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများထဲတွင် “Repressed” မှ “Closed” အဆင့်သို့ကျဆင်းခဲ့ကြောင်း သိရသည်။
CIVICUS Monitor အဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၉၇ နိုင်ငံကို လေ့လာစောင့်ကြည့်ပြီး အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူထောင်ချီကို ဖမ်းဆီးထောင်ချခြင်း၊ သတင်းလွတ်လပ်ခွင့်နှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို ဖိနှိပ်ခြင်းများကြောင့် “Repressed” မှ “Closed” အဆင့်သို့ ပြောင်းလဲသတ်မှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“Closed” စာရင်းတွင် သတ်မှတ်ခံရသောနိုင်ငံများသည် ပြည်သူများ၏လွတ်လပ်ခွင့် ဆိုးရွားသောနိုင်ငံများကို သတ်မှတ်ခြင်းဖြစ်ပြီး CIVICUS Monitor အဖွဲ့က စောင့်ကြည့်လေ့လာမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် CIVICUS Monitor အဖွဲ့၏ “Repressed” အဆင့် လေ့လာစောင့်ကြည့်ခံရမည့် နိုင်ငံများစာရင်း ‘Watchlist’ တွင် သတ်မှတ်ခံရသော်လည်း ပြည်သူများ၏ လွတ်လပ်ခွင့်အခြေနေများ ထပ်မံဆိုးရွားလာခြင်းကြောင့် “Closed” အဆင့်ကို လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ သတင်းထောက်များသည် အများပြည်သူထိတ်လန့်စေသော မမှန်ကန်သောသတင်းများ ဖြန့်ဝေသည်ဟု စွပ်စွဲခံရပြီး ပုဒ်မ ၅၀၅ (က) နှင့် ဖမ်းဆီးခံရကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ သတင်းသမား အနည်းဆုံး ၄၂ ဦး ဖမ်းဆီးခံရပြီး အနည်းဆုံး ၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အရပ်သားလူမှုကူညီရေးအသင်းများကိုလည်း လုပ်ငန်းလျှော့ချခိုင်းခြင်း၊ ပိတ်သိမ်းခြင်းလုပ်ခဲ့ရာ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းအချို့ခေါင်းဆောင်များ ရှောင်တိမ်းနေရကြောင်း၊ အတိုက်ခံအုပ်စုများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်းများလည်း ရှိနေဆဲဖြစ်ကြောင်း CIVICUS Monitor၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref —CIVICUS Monitor