၁၈.၃. ၂၀၂၃
Written by Naing Thuta
ရွှေဘိုမြို့ဝင်တွင်ယာဉ်ကြီးကြပ်ခကောက် ခံနေသည့် မစကအဖွဲ့ဝင် ၂ ဦးအား PDF အဖွဲ့ဝင်များက သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် နေ့လည် ၁ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ တဂဏန်းကျေးရွာအနီးတွင်ယာဉ်ကြီးကြပ်ခကောက်ခံနေသည့် အသက် ၄၅ နှစ်အရွယ် မစကအဖွဲ့ဝင်အမျိုးသား ၂ ဦးအား ဇီးတောကျေးရွာဘက်မှ ရွှေဘိုမြို့ဘက်သို့ PDF အဖွဲ့ များက ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး သေနတ်အရှည်များဖြင့် လာရောက်ပစ်ခတ်ကာ ၎င်းတို့လာရာလမ်းကြောင်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
” ဆိုင်ကယ် ၅ စီးနဲ့ လူတွေကတော့ဘယ်နှစ်ယောက်လဲဆိုတာတော့ အတိကျမမှတ်မိလိုက်ဘူး။ သေနတ်အရှည်တွေနဲ့ မြို့ဝင်ဂိတ်ကို တရစပ်ပစ်ခတ်သွားတာ။ ယာဉ်ကြီးကြပ်ခကောက်ခံနေတဲ့သူ ၂ ယောက်ကိုထိပြီးသေဆုံးသွားကြတယ်။ တစ်ယောက်က သေနတ်ဒဏ်ရာ ၃ ချက်နဲ့ နောက်တစ်ယောက်ကတော့ ၉ ချက်၊ ၁၀ ချက်လောက်မှန်သွားခဲ့တယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး၏ ပြောပြချက်အရသိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်သတ်ခံရသူ ၂ ဦးသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သဖြင့် အလောင်းများအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။