MT News
Written by Thettant
မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမည့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ဟု သိရသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုလဲအတွဲများရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်းပေးချေသွားရမည်ဖြစ်သည်။
ထို့အတူ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကိုယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်ကာ နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ (သို့မဟုတ်)မြန်မာကျပ်ငွေဖြင့်ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။