၁၇. ၃. ၂၀၂၃
Written by Ye Kyaw
CMP လုပ်ငန်းများ၊ စက်ရုံများ တိုးတက်များလာသည်နှင့်အတူ အခွန်ထမ်းမဖြစ်သေးသော CMP လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများအားလုံး အခွန်ငွေများ အပြည့်အဝပေးဆောင်လာရေး စိစစ်ကြပ်မတ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“အခွန်ထမ်းမဖြစ်သေးသော CMP လုပ်ငန်းများ၊ စက်ရုံများ၊ အလုပ်ရုံများ၊ ကုမ္ပဏီများအားလုံးက ပေးဆောင်ရမယ့်အခွန်ငွေများ အပြည့်အဝပေးဆောင်လာနိုင်စေရေးကို စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်တယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဥ်း၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရပ်နားမှုအခြေအနေ၊ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ၊ အခွန်ပေးဆောင်မှုအခြေအနေ၊ လုပ်ခနိုင်ငံခြားငွေများကို ဘဏ်သို့မှန်ကန်စွာပေးသွင်းမှု ရှိ/မရှိ၊ အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ခနှင့်ခံစားခွင့်များ အပြည့်အဝရရှိခြင်း ရှိ/မရှိတို့ကို ကြည့်ရှု၍ အချိန်နှင့် တစ်ပြေးညီကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
CMP လုပ်ငန်းများသည် နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေခြင်း၊ ပို့ကုန်တိုးတက်စေခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ အခွန်ငွေများရရှိစေခြင်း စသည့်အချက်များကြောင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်အထိ ကိုးလတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာလေးဘီလျံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်လိပ်ကုန်ကြမ်းများ တင်သွင်းကာ ပြည်တွင်းအထည်ချုပ် စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား (CMP) စနစ်ဖြင့်သာ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်တွင်း အထည်ချုပ်လုပ်ငန်းများသည် CMP စနစ်ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် ပြည်တွင်း၌ ချုပ်လုပ်ပြီး ထွက်ရှိလာသည့် အဝတ်အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ချုပ်ခအနေဖြင့် ရရှိခြင်းဖြစ်သည်။