October 22, 2024

MT News

Written by Naing Thuta

သီတင်းကျွတ်လပြည့်ည (အောက်တိုဘာလ ၉ ရက်နေ့) ပိုင်းတွင်လည်း မန္တလေးမြို့အတွင်းရှိ ဘုရားစေတီ ပုထိုးများနှင့် ရတနာပုံပန်းခြံဥယျာဉ်တို့၌ အနယ်နယ်အရပ်ရပ်မှ လာကြသည့် ဧည့်ပရိတ်သတ်များစွာဖြင့် စည်စည်ကားကားရှိခဲ့ကြောင်း သိရသည်။

“မနက်ကနေ အခုညပိုင်းအထိ လူတွေတနေကုန်စည်ကားနေတာ။ ပျော်စရာလည်း အလွန်ကောင်းပြီး ကြည်နူးစရာလည်းကောင်းတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ပါ။ နေ့လည်ကလည်း မိုးတွေတအားရွာတာတောင် လူတွေမပြန်ဘဲရှိနေကြတယ်။ စျေးလည်း အရမ်းရောင်းကောင်းလို့ ပင်ပန်းပေမဲ့လည်း မမောနိုင်ဘူး”ဟု ပွဲစျေးရောင်းသူတစ်ဦးက ကြည်နူးစွာ ပြောခဲ့သည်။

ရတနာပုံပန်းခြံဥယျာဉ်၌ အကြိုနေ့ အစီစဉ်များအတိုင်း စတုဒိသာများကျွေးမွေးလှူဒါန်းခြင်း၊ ယိမ်းအဖွဲ့များ၊ ကျောက်ဆည်မြန်မာ့ရိုးရာဆင်အက ကပြခြင်း၊ မြန်မာ့ရိုးရာခြင်းခတ်ကပြခြင်း၊ ရောင်စုံမီးပုံးပျံများ လွှတ်တင်ခြင်းများဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

ထိုနည်းတူ ဘုရားစေတီပုထိုးများ၌လည်း ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မာစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ဆီမီးထွန်းညှိခြင်းများ၊ နိဗ္ဗာန်စျေးများ ၊ မီးပုံးပျံများလွှတ်တင်ခြင်းများဖြင့် အနယ်နယ်အရပ်ရပ်မှလာသူများက သီတင်းကျွတ်ပွဲတော်အား ဆင်နွှဲခဲ့ကြောင်း သိရသည်။

ကုသိုလ်တော်ဘုရား၌လည်း မြို့မတီးဝိုင်းက တီးခတ်ပေးပြီး အငြိမ့်ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့်သီဆိုကပြဖျော်ဖြေပေးခြင်းများဖြင့် ကျင်းပခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *