October 22, 2024

SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ ဩဂုတ်လက ငြိမ်းချမ်းရေးဆွေးနွေး တွေ့ဆုံစဥ်

၁၀. ၁၀. ၂၀၂၂

Written by Nay Moe

စစ်ရေးပဋိပက္ခများကြောင့် ပြည်သူလူထုအတိဒုက္ခရောက်နေမှုအပေါ် EAOs များနှင့် ဆွေးနွေးလိုကြောင်း နိုင်ငံရေး၊ စစ်ရေးပြဿနာများကို တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် လျှောက်လှမ်းနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကမ်းလှမ်းချက်တစ်ရပ်ကို အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

RCSS က အဆိုပါထုတ်ပြန်ချက်ကို အချက်ငါးချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအချက်တွင် လက်ရှိနိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်တွင်း၊ ပြည်ပ စစ်ပြေးရှောင်များ အမြောက်အများရှိခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးရေးသီးနှံများ ဈေးကွက်မရှိခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း၊ ခရီးသွားလာရေးခက်ခဲခြင်းတို့ မြေဇာပင် ပြည်သူလူထုတို့သည် များစွာ အတိဒုက္ခ ရောက်နေခဲ့ရသည်ဟု ဖော်ပြထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပြဿနာများ ဖြေရှင်းရန် ပေါ်လစီ ချမှတ်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းမှတဆင့် အပြန်အလှန်ဝင်ထွက်သွားလာဆက်ဆံနိုင်ရေး၊ အထင်မှားမှုအား လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် လူထု၊ တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်ဟုလည်း ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အထိ သျှမ်းပြည်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး RCSS အနေဖြင့် ကမ်းလှမ်းကြောင်းနှင့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးခြင်းမှသည်.. မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သဖြင့် ဤတွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းခြင်းကို ထုတ်ပြန်သည်ဟုလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *