MT News
Written by Thettant
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) လုပ်ငန်းအစည်းအဝေးကို “၀”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက် မှ (၁၆) ရက်နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် မြန်မာ့ပဋိပက္ခများချုပ်ငြိမ်းရေး တရုတ်၏ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုထောက်ခံကြောင်းနှင့် ကျေးဇူးအထူးတင်ကြောင်း ထုတ်ပြန် သည်။
အဆိုပါ အစည်းအဝေးတွင် FPNCC အဖွဲ့ဝင် (၇) ဖွဲ့ဖြစ်သော “ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အစည်းအဝေးတွင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်းနှင့် ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် မိမိတို့အဖွဲ့ဝင် အဖွဲ့အစည်းတိုင်းကလည်းကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် သဘောထားပြည့်ဝစွာဖြင့် နှောင်ကြိုးမဲ့အကူအညီများ ပေးအပ်ခဲ့သော တရုတ်အစိုးရကို ကျေးဇူးအထူးတင်ရှိသည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း FPNCC အနေဖြင့် တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌ လည်း ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံသည်ဟုလည်း FPNCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။