September 20, 2024

၁၆.၃.၂၀၂၃
Written By Thandar

ရုပ်ရှင်နဲ့ ဗီဒီယိုဒါရိုက်တာ မျိုးဇော်အောင် အသက် ၇၈ နှစ်အရွယ် မတ်လ ၁၅ ရက် ညနေ ၄ နာရီက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

“မျိုးဇော်အောင်က မတ် ၁၅ ရက် ညနေ ၄ နာရီက ကွယ်လွန်သွားတာပါ။ သူငယ်ချင်း မျိုးဇော်အောင်အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ သူကအရင်က မင်းသားအဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့ပါတယ်။ သရုပ်ဆောင် ဝါဝါဝင်းရွှေနဲ့တွဲပြီး ဇာတ်ကားတွေ ရိုက်ဖူးတယ်။ နောက်ပိုင်းမှ ဒါရိုက်တာအဖြစ်နဲ့ အနုပညာလောကထဲမှာ ရုပ်ရှင်နဲ့ဗီဒီယိုကားတွေအများကြီးကို ရိုက်ကူးခဲ့တာပါ။ သူက အရင်က အဆုတ်ရောဂါလည်းဖြစ်ဖူးတယ်လို့ ကြားမိတယ်။ ချော်လဲတာလည်း ပါတယ်လို့လည်း ပြောတယ်။ သေဆုံးသွားတဲ့ ရောဂါကိုတော့ အသေအချာမသိပါဘူး”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြောပါတယ်။

သူဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပြီး သူကွယ်လွန်သွားတဲ့အပေါ်မှာ အနုပညာလောက အသိုင်းအဝိုင်းက အနုပညာရှင်တွေကလည်း ဝမ်းနည်းစကား ဆိုထားကြပါတယ်။

“အပျော်တွေ ပျောက်သွားရတဲ့သတင်း။ မနေ့က ညနေ လေးနာရီလောက်က မျိုးဇော်အောင် ဆုံးသွားပြီဆိုတဲ့ သတင်းဆိုးကြားရတယ်။ ငယ်စဉ်ကတည်း အတူနေ ကျောင်းအတူတက်ခဲ့တယ်။ ကိုယ့်ထက်အသက်ငယ်ပေမဲ့ သူလည်း ရုပ်ရှင်လောကမှာ သရုပ်ဆောင်၊ ဒါရိုက်တာပါ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့(အမှုဆောင်ဟောင်း) ဒါရိုက်တာ အလွှာအမှုဆောင်၊ ဒါရိုက်တာနဲ့ သရုပ်ဆောင် သင်တန်းပြဆရာ၊ ရုပ်ရှင်သက်ကြီးပူဇော်ခံပေါ့။ မနေ့က ရုပ်ရှင်လောကသား အားလုံးကိုခွဲခွာသွားပြန်ပြီလေ”လို့ အေဝမ်းသိန်းထွဋ်က ပြောပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို ဒါရိုက်တာမျိုးဇော်အောင်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ကျားကွက်သစ်ရပ်ကွက်၊ အမှတ် (၁၂)၊ ၇ လွှာ နေအိမ်ကကားတွေက မနက်ဖြန် မတ်လ ၁၇ ရက် နေ့လည် ၂ နာရီမှာ ထွက်ခွာမှာဖြစ်ပြီး ရေဝေးသုဿာန်မှာ ညနေ ၄ နာရီမှာ မီးသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *