September 20, 2024

၁၆.၃.၂၀၂၃
Written by Peya

မလေးရှားစူပါလိဂ်၏ ထိပ်တန်းအသင်းတစ်သင်းဖြစ်သော ဆီလန်ဂေါတွင် နည်ပြချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျာမနီလူမျိုးနည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာကို မြန်မာလက်ရွေးစင်အသင်း နည်းပြအဖြစ် ၂ နှစ်စာချုပ်ဖြင့် ယခုလမှစတင်ကာ ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အသက် ၆၃ နှစ်အရွယ် မိုက်ကယ် ဖိုက်တန်ဘိုင်နာသည် နည်းပြဘဝကို ၁၉၈၉ ခုနှစ်က ဆွစ်ဇာလန်ကလပ် BSC Old Boys Basel နှင့် စတင်ခဲ့ပြီး ဂျာမနီ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ ကလပ်အသင်းများအား တာဝန်ယူခဲ့ကာ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ ၁၅၊ ယူ ၁၇ လက်ရွေးစင်အသင်းများအား ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ မှစတင်ကာ မလေးရှားကလပ် ဆီလန်ဂေါ၌ နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နည်းပြသစ်သည် လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက်အန်ဒရီတိုနှင့်အတူ မြန်မာ့လက်ရွေးစင် အသင်းအား တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၎င်း၏ နည်းပြအဖွဲ့သို့ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဦးကိုကိုအောင် (ဂိုးနည်းပြ)၊ ဦးဇော်လင်းအောင် (ဂိုးနည်းပြ)တို့ကို တွဲဖက်တာဝန်ပေးအပ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သတ်မှတ်ရက်ဖြစ်သည့် ဖီဖာခြေစမ်းပွဲနေ့အတွင်း အိန္ဒိယဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများအား သွားရောက်ကစားမည်ဖြစ်ကာ အဆိုပါ ခြေစမ်းပွဲ ပထမပွဲအဖြစ် အိန္ဒိယလက်ရွေးစင်အသင်းနှင့် မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန်အသင်းနှင့် မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရန်အတွက် မြန်မာ့လက်ရွေးစင်ကစားသမား (၂၄)ဦး စာရင်းကိုလည်း ရွေးချယ်ထားပြီးဖြစ်ကာ အဆိုပါ လူစာရင်းတွင် ရှေ့တန်းကစားသမားများအဖြစ် ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC)၊ အလယ်တန်းကစားသမားများအဖြစ် ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊ ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)၊ နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်) နှင့် ဂိုးသမားများအဖြစ် ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ) တို့ကို ရွေးချယ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *