September 20, 2024

ပြည်တွင်း၌ ထုတ်လုပ်သည့် သံနှင့်သံမဏိများကို တွေ့ရစဥ် (ဓာတ်ပုံ- စက်မှုဝန်ကြီးဌာန)

၁၆. ၃. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံအတွက် လိုအပ်သည့် သံနှင့်သံမဏိများကို တရုတ်နိုင်ငံမှ အဓိကတင်သွင်းနေရပြီး ပြည်တွင်း၌ သံနှင့်မဏိထုတ်လုပ်ရန်အတွက် နည်းပညာ၊ လျှပ်စစ်နှင့် ကုန်ကြမ်းရရှိမှုများတွင် အခက်အခဲများရှိနေသေးကြောင်း မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (MISA)မှ သိရသည်။

“လိုအပ်ချက်တွေကတော့ နည်းပညာလည်းလိုတာပေါ့။ နောက်ပြီးတော့ လျှပ်စစ်လိုတာပေါ့။ ကုန်ကြမ်းရော လုံလောက်အောင် ထုတ်လုပ်နိုင်ဖို့လိုတာပေါ့” ဟု မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် သံနှင့်သံမဏိလိုအပ်ချက် တစ်နှစ်လျှင် တန်ချိန်သုံးသန်းခန့် လိုအပ်လျက်ရှိပြီး ပြည်တွင်း၌ တန်ချိန်တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်သည့်သံနှင့်သံမဏိများကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်။ ယင်းကဲ့သို့တင်သွင်းရာတွင် တရုတ်၊ အိန္ဒိယ၊ ဒူဘိုင်းနှင့် အာရှနှင့် အာဆီယံနိုင်ငံအချို့မှ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“အများဆုံးက တရုတ်ပေါ့နော်။ အိန္ဒိယတို့ ဒူဘိုင်းတို့ ကျန်တဲ့အာဆီယံနိုင်ငံတွေကနေ တင်သွင်းတာတွေရှိပါတယ်။ ဂျပန်တို့ဘာတို့ပေါ့” ဟု ဒေါက်တာကေသီလွင်က ပြောသည်။

ပြည်တွင်းရှိ သံနှင့်သံမဏိလုပ်ငန်းရှင်များ ပြည်ပတင်ပို့နိုင်မည့် အရည်သွေးမြင့် သံနှင့်သံမဏိများ ထုတ်လုပ်ပြီး နိုင်ငံခြားငွေရှားဖွေနိုင်သည်အထိ ဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ပူးပေါင်းဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာချာလီသန်းက မတ်လ ၁၅ ရက်တွင် ပြုလုပ်သည့် “The South East Asia Iron & Steel Institute (SEAISI) 2023 TRAVELLING SEMINAR” တွင် ပြောကြားထားသည်။

“ကျွန်တော်တို့နိုင်ငံမှာ သံနှင့်သံမဏိ ထုတ်လုပ်ဖို့ သယံဇာတတွေ သံ၊ သတ္တု၊ ရိုင်၊ ကျောက်မီးသွေးတွေ ထိုက်သင့်သလောက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

သံနှင့်သံမဏိ ထုတ်လုပ်ရာတွင် စံချိန်စံညွှန်းပြည့်မီရန် အဓိကလိုအပ်သည့်အတွက် လက်ရှိတွင် သံနှင့်သံမဏိများဆိုင်ရာ စံချိန်စံညွှန်း ၁၁ ခုကို ရေးဆွဲထုတ်ပြန်မှုများ ဆောင်ရွက်ထားသကဲ့သို့ လိုအပ်ချက်များအတွက် ဆက်လက်ရေးဆွဲလျက်ရှိကြောင်း၊ သံနှင့် သံမဏိများ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်နှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် သံနှင့်သံမဏိထုတ်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပုံစာ- ပြည်တွင်း၌ ထုတ်လုပ်သည့် သံနှင့်သံမဏိများကို တွေ့ရစဥ် (ဓာတ်ပုံ- စက်မှုဝန်ကြီးဌာန)

Leave a Reply

Your email address will not be published. Required fields are marked *