September 19, 2024

ဆုန်ခလာပြည်နယ်ရှိတောအုပ်တစ်ခုအတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများဟု ယူဆရသူ သုံးဦး၏ အလောင်းများ တွေ့ရှိခဲ့သောနေရာကို တွေ့ရစဉ်

၁၆.၃.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်ရှိ တောအုပ်တစ်ခုအတွင်း သေဆုံးနေပြီဖြစ်သော လူသုံးယောက်၏ အလောင်းများကို မတ်လ ၁၅ ရက်က စုပုံလျက်တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း၊ သေဆုံးသူများက မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများဟု ယူဆရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။

မတ်လ ၁၅ ရက် နံနက် ၇ နာရီခွဲတွင် တောအုပ်အတွင်း တားမြစ်နေရာတစ်ခု၌ လူသုံးယောက်အလောင်းများတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့သို့ သတင်းပေးချက်ရောက်လာခဲ့သည်။ ထိုနေရာက ဘန်ကလမ်နှင့် ဟတ်ရိုင်ခရိုင်များအကြား သာချန်းခရိုင်ခွဲအတွင်း လော့ဘူရီ ရာမီဆွန်လမ်းမှ မီတာ ၂၀၀ ခန့်အကွာတွင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

ရဲတပ်ဖွဲ့ကအလောင်းများကို အဝတ်များ၊ အိတ်များ ပလပ်စတစ်အိတ်များဖြင့် ဖုံးအုပ်ထားသည်ကိုတွေ့ခဲ့ရပြီး စစ်ဆေးချက်များအရ ထိုမတိုင်မီ သုံးရက်ခန့်ကသေဆုံးခဲ့ခြင်းဟုလည်း ခန့်မှန်းရသည်။ ရဲတပ်ဖွဲ့က သေဆုံးသူများမှာ ထိုင်းလူမျိုးများမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံမှလာသော ရွှေ့ပြောင်းလုပ်သားများဖြစ်နိုင်ဖွယ်ရှိကြောင်း၊ သို့သော် မည်သည့်နိုင်ငံသားဟု အတည်ပြုပြောကြားရန် ၎င်းတို့တွင် အထောက်အထားစာရွက်စာတမ်း တစ်စုံတစ်ရာမတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

မှုခင်းဆေးစစ်ဆေးချက်များအရလည်း ၎င်းတို့သုံးဦးစလုံးမှာ အသတ်ခံထားရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ တစ်ဦးဆိုလျှင် လက်နှစ်ဖက်ကို အဝတ်စဖြင့်ပူးချည်ထားကာ လည်ပင်းကို ဓားဖြင့် လှီးခွဲခံထားရကြောင်း တွေ့ခဲ့ရသည်။ အခြားနှစ်ဦးမှာလည်း တိုက်ခိုက်ခံထားရသည့်လက္ခဏာများ တွေ့ရသည်။ သို့သော် ၎င်းတို့သေဆုံးရခြင်း၏ အဓိကအကြောင်းကိုစစ်ဆေးနိုင်ရန် ပိုမိုပြည့်စုံသော အလောင်းခွဲစိတ်စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ရဲတပ်ဖွဲ့က သေဆုံးသူများမှာ အခြားတစ်နေရာတွင် သတ်ဖြတ်ခြင်းခံရပြီး ၎င်းတို့၏အလောင်းများကို သစ်တောအတွင်း လာရောက်စွန့်ပစ်ထားခြင်းဟု သံသယရှိကြောင်း ပြောခဲ့သည်။ ၎င်းတို့က မြန်မာလူမျိုးများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားကာ အထောက်အထားအတိအကျရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Ref—–The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *