September 18, 2024

ရန်ကုန်မြို့လယ်ရှိ Yoma Central စီမံကိန်းကို တွေ့ရစဥ်

၁၆. ၃. ၂၀၂၃
Written by Nay Aung

ရန်ကုန်မြို့တွင် တည်ဆောက်ရန်ဆိုင်းငံ့ထားသော အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်တန်ဖိုးရှိ စီမံကိန်းကို သင့်တော်မည့်အချိန်တွင် ပြန်လုပ်ကိုင်ရန် ပြင်ဆင်ထားကြောင်း Peninsula ဟိုတည်လုပ်ငန်းစု၏ လက်အောက်ခံလုပ်ငန်းခွဲဖြစ်သော Hongkong နှင့် Shanghai Hotels လုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကလီမန့်ကွက်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်တည်ဆောက်နေသော ဟိုတည်တည်ဆောက်ရေးစီမံကိန်းကို ဆိုင်းငံ့ခဲ့ကြောင်း၊ သို့သော်လည်း ဟိုတည်တည်ဆောက်ရေးစီမံကိန်းကို နှစ်အတန်ကြာရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားခြင်းကြောင့် သင့်တော်မည့်ဟု ထင်မြင်ယူဆချိန်တွင် ဟိုတည်တည်ဆောက်ရေး စီမံကိန်းကိုပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ကလီမန့်ကွက်က ပြောသည်။

ရန်ကုန်မြို့လယ်ခေါင်ရှိ ကိုလိုနီခေတ်စတိုင်ဖြင့် တည်ဆောက်ထားသော မီးရထားရုံးချုပ်ဟောင်း ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း Yoma Central တွင် အခန်းပေါင်း ၈၈ ခန်းပါဝင်မည့် ဟိုတည်တည်ဆောက်ရေးစီမံကိန်းက တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး ဟိုတည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့ကြောင်း သိရသည်။ ဟိုတည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ရန် မျှော်လင့်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် နှစ်လည်တွင် တည်ဆောက်မှုများ ရပ်နားခဲ့ရကြောင်း သိရသည်။

၎င်းက” ဟိုတည်ပြန်တည်ဆောက်ဖို့ သင့်တော်မယ်လို့ထင်တဲ့အချိန်မှာ ပြန်လည်ဆောက်သွားမှာပါ။ အဆောက်အဦကို မပျက်စီးအောင် ထိန်းသိမ်းလုပ်ဆောင်သွားမယ်။ ဒါဟာ အလွန်အရေးကြီးတဲ့အဓိကအချက်ဖြစ်တယ်”ဟုပြောသည်။

အဆိုပါ ဟိုတည်တည်ဆောက်ရေးစီမံကိန်းကို Hongkong နှင့် Shanghai Hotels လုပ်ငန်းနှင့် စင်ကာပူနိုင်ငံတွင် မှတ်ပုံ တင်ထားသော Yoma Group စီးပွားရေးလုပ်ငန်းတို့ အကျိူးတူပေါင်းဆောင်ရွက်နေပြီး Yoma Groupက ရှယ်ယာ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ Hongkong နှင့် Shanghai Hotels လုပ်ငန်းက ရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း သိရသည်။

ကလီမန့်ကွက်က “ဟိုတည်တည်ဆောက်မှု စီမံကိန်းကို အပြီးသတ်လုပ်ဆောင်ဖို့ သင်တော်တဲ့အချိန်ရောက်ရှိလာရင် တည် ဆောက်မှုတွေ ပြန်လည်စတင်မှာပါ။ကျွန်တော်တို့ဟာ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ဘယ်အကြမ်းဖက်မှုကိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ မြန်မာပြည်သူတွေကို အလုပ်ခန့်ထားရင် လူတွေကို ကူညီနေတယ် ဆိုတဲ့ သဘောထားကို ယေဘူယျအားဖြင့် လက်ခံပါတယ်”ဟု‌ပြောသည်။

ref —- nikkei asia

Leave a Reply

Your email address will not be published. Required fields are marked *