September 18, 2024

မသန်စွမ်းဆိုက်ကားနင်းသူ ယာဥ်တိုက်ခံရသည့်မြင်ကွင်း (ဓာတ်ပုံ- မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်း)

၁၆. ၃. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၅ ပေ တံတားပေါ်တွင် ခြေထောက်မသန်စွမ်းသူနင်းသည့် ဆိုက္ကားကို ကားတိုက်မှုဖြစ်၍ ဆိုက္ကားနင်းသူသေဆုံးခဲ့ပြီး တိုက်သည့်ကား ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၅ ပေတံတားပေါ်၌ ဆိုက္ကားနှင့် ကားတိုက်မိမှုဖြစ်ပွားခဲ့၍ ခြေထောက်မသန်စွမ်း ဆိုက္ကားနင်းသူ သေဆုံးခဲ့ပြီး လိုက်ပါလာသည့် ခရီးသည် အမျိုးသမီးတစ်ဦး ဦးခေါင်းပေါက်ပြဲသဖြင့် ခြောက်ချက်ချုပ်ခဲ့ရကာ အမျိုးသားတစ်ဦး အနည်းအငယ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဆိုက္ကားသမားက ဆေးရုံရောက်တော့ အရောင်ပြောင်းသွားပြီး (သေသွားပြီ)။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကတည်းက အနီ‌ရောင်အဆင့်ဖြစ်နေပြီ။ သူ့ခြေထောက်က မွေးရာပါလို့တော့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ့တာက ခြေထောက်အတုနဲ့ပေါ့။ ဘတ္ထရီမော်တာ ဆိုက္ကားနင်းတာ။ ခရီးသည်အမျိုးသမီးကတော့ ခေါင်းခြောက်ချက်လောက် ချုပ်လိုက်ရတယ်။ အမျိုးသားကတော့ ဒူးလေးနည်းနည်းပေါက်သွားတယ် အဲဒီလောက်ပဲ။ ကားကထွက်ပြေးသွားတာ Light Truck လို့တော့ အဲနားကလူတွေက ပြောတာပဲ” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်မှ လူနာများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဥ်ထိန်းရဲများနှင့်ချိတ်ဆက်၍ ရန်ကုန်ဆေးရုံကြီးအ‌ရေးပေါ်တွင် ရောက်ရှိနေသည့် ဆိုက္ကားဆရာဇနီးနှင့် မိသားစုများထံသို့ ဆိုက္ကားဘတ္ထရီခြောက်လုံးနှင့် ကွန်ထရိုးစက်အား အပ်နှံပေးခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြိုနယ်လူမှုကူညီရေးအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *