September 19, 2024

ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချင်ဘူရီပြည်နယ်အတွင် ရှိ အမျိုးသားဓာတ်အားပေးစက်ရုံ အမှတ် ၅ မှ ပျောက်ဆုံးနေသော အန္တရာယ်များလှသော ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများပါဝင်သည့် သတ္တုဆလင်ဒါထုလုံးရှည်အား တွေ့ရစဉ်။

၁၆.၃.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအတွင်း ဓာတ်အားပေးစက်ရုံတစ်ခုမှ အန္တရာယ်များလှသော ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများပါဝင်သည့် သတ္တုဆလင်ဒါထုလုံးရှည်တစ်ခု ယခုအပတ်အတွင်း ပျောက်ဆုံးသွားခဲ့မှုကြောင့် အာဏာပိုင်များက ထိုဆလင်ဒါအား အသည်းအသန် လိုက်ရှာနေကြရပြီး ပြည်သူများအားကျန်းမာရေးအတွက် ကြီးမားစွာအန္တရာယ်ဖြစ်စေနိုင်သည်ဟု သတိပေးကြေညာထားကြောင်းလည်း သိရသည်။

သြစတြေးလျနိုင်ငံတွင်လည်း လွန်ခဲ့သည့်နှစ်လက အလားတူ ရေဒီယိုဓာတ်သတ္တိကြွဆလင်ဒါတစ်ခုပျောက်ဆုံးသွား၍ လိုက်လံရှာဖွေခဲ့ကြရပြီးနောက်တွင် ထိုင်းနိုင်ငံ၌ ထပ်မံဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ သြစတြေးလျ၌ ထိုပျောက်ဆုံး ရေဒီယိုဓာတ်သတ္တိကြွဆလင်ဒါအား နောက်ဆုံးတွင် ပြန်လည်တွေ့ရှိခဲ့ကြသည်။ သို့သော် သြစတြေးလျတွင် ထိုရေဒီယိုဓာတ်သတ္တိကြွဆလင်ဒါက လူနေနည်းပါးသော အစွန်အဖျားကျေးလက်ဒေသပိုင်းတွင် ပျောက်ဆုံးခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ယခုပျောက်ဆုံးလျက်ရှိသော ရေဒီယိုဓါတ်သတ္တိကြွဆလင်ဒါက လူနေထူထပ်လှသော နယ်မြေတစ်ခုအတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ထိုဆလင်ဒါက အရှည် ၃၀ စင်တီမီတာ (၁၁ ဒသမ ၈၁၁ လက်မ)ရှိပြီး အကျယ် ၁၃ စင်တီမီတာ (၅ လက်မ) ရှိသည်။ ၎င်းက ဘန်ကောက်မြို့အရှေ့ဘက် ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချင်ဘူရီပြည်နယ်အတွင်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတစ်ခုမှဖြစ်ကာ မတ်လ ၁၀ ရက်တွင် ဝန်ထမ်းများက ပုံမှန်စစ်ဆေးမှုပြုလုပ်စဉ် ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ကြရသည်ဟု သိရသည်။ ထိုဆလင်ဒါက စွန့်ပစ်ဓာတ်ပစ္စည်းအညစ်အကြေးများသိမ်းဆည်းရာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတွင် လူကိုသေစေနိုင်သည့် ရေဒီယိုအိုင်ဆိုတုပ်ဖြစ်သော Caesium-137 ပါဝင်သည်။

ထိုင်းနိုင်ငံတွင် ရေဒီယိုဓာတ်သတ္တိကြွနှင့် နျူကလီးယားသုတေသန စောင့်ကြည့်အဖွဲ့အစည်းဖြစ်သော Atoms for Peace ရုံးအဖွဲ့၏ ကြေညာချက်တစ်ရပ်အရ ရှာဖွေရေးအသင်းများနှင့် မောင်းသူမဲ့လေယာဉ်များကပျောက်ဆုံးနေသော ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများပါဝင်သည့် သတ္တုဆလင်ဒါအား ပြန်လည်တွေ့ရှိရန် တပ်ဖြန့်ရှာဖွေလျက်ရှိကြသည်။ ထိုဆလင်ဒါက ဖေဖော်ဝါရီလအတွင်းကပင် စတင်ပျောက်ဆုံးနေခြင်းဟုယုံကြည်ရပြီး အဆိုပါဆလင်ဒါရှိရာ အမျိုးသားဓာတ်အားပေးစက်ရုံ အမှတ် ၅ က မတ်လ ၁၀ ရက်တွင်မှ တရားဝင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေမှုတွင်ပါဝင်နေသည့် ထိုင်းရဲတပ်ဖွဲ့ကပြောခဲ့သည်။

ခရိုင်ရဲမှူးကြီး မုန်းကိုးလ်က အဆိုပါ ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများပါဝင်သော ဆလင်ဒါမှာ အခိုးခံရပြီး အဟောင်းဆိုင်တစ်ဆိုင်သို့ပင် ပြန်လည်ရောင်းချခံခဲ့ရခြင်းလော (သို့မဟုတ်) နေရာမှားထားမိခြင်းလော မသေမချာဖြစ်နေကြောင်း၊ သို့သော် ရှာဖွေရေးအဖွဲ့များကမူ ဒေသအတွင်း အဟောင်းဆိုင်များသို့ လိုက်လံရှာဖွေလျက်ရှိရာ မတွေ့ရှိသေးကြောင်း ပြောခဲ့သည်။

Atoms for Peace အဖွဲ့က Caesium-137 ရေဒီယိုအိုင်ဆိုတုပ်မှာ အလွန်အန္တရာယ်များသော ဘေးထွက်ဆိုးကျိုးများလည်းရှိ၍ တွေ့ရှိပါက ပြန်လည်အပ်နှံကြရန် ကြေညာချက်ထုတ်ပြန်ထားသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *