September 19, 2024

ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးနှင့် All Win Shoes တာဝန်ရှိသူကို တွေ့ရစဥ်

၁၆. ၃. ၂၀၂၃
Written by Nay Aung

တစ်လ ဖိနပ်အရံ ၇ သိန်း တင်ပို့နိုင်သည့် တရုတ်ဖိနပ်စက်ရုံကို မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ဒေသသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း All Win Shoes တရုတ်ဖိနပ်စက်ရုံတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်ဖိနပ်စက်ရုံဖြစ်သော All Win Shoes ကုမ္ပဏီ၏ဘုတ်အဖွဲ့ ဒါရိုက်တာတစ်ဦးဖြစ်သော Hu Chaohui သည် ပြီးခဲ့သောရက်ပိုင်းက ကမ္ဘောဒီးယား အလုပ်သမားရေးရာဝန်ကြီး Ith Samheng နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံရှိ တရုတ်ဖိနပ်စက်ရုံကို ကမ္ဘောဒီးယားနိုင်ငံထံပြောင်းရွှေ့မည့်အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပိုစ့်သတင်းဌာနက ဆိုသည်။

အဆိုပါ ဖိနပ်စက်ရုံကို ပြောင်းရွှေ့ရန် စီစဥ်ရခြင်းမှာ မြန်မာ့နိုင်ငံရေးပြသာနာများကြောင့်ဖြစ်ကြောင်းနှင့် စက်ရုံကို Kampong Speu ဒေသသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး လာမည့်ဇွန်လအတွင်း လုပ်ငန်းများစတင်နိုင်ရန် စီစဉ်ထားကြောင်း၊ All Win Shoes ကုမ္ပဏီ၏ဘုတ်အဖွဲ့ ဒါရိုက်တာHu Chaohui က ပြောသည်။

၎င်းက “ကမ္ဘောဒီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ ငြိမ်းချမ်းနေသလို နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရှိနေတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို စက်ရုံပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်” ဟု ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် တည်ဆောက်မည့် ဖိနပ်စက်ရုံမှ ထုတ်လုပ်မည့်ဖိနပ်များကို ဥရောပသမဂ္ဂနှင့် အမေရိကန်သို့ အဓိကထားတင်ပို့မည်ဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၀၀၀ ခန့်သွားမည်ဖြစ်ကာ တစ်လကို ဖိနပ် အရံပေါင်း ၇ သိန်းထုတ်လုပ်ရန် ပစ်မှတ်ထားနေကြောင်း ၎င်းကပြောသည်။

NLD ထောက်ခံသူများက ၂၀၂၁ ဖေဖော်ဝါရီဖြစ်စဥ်အပြီးတွင် တရုတ်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် တရုတ်စက်ရုံများ ပျက်စီးထိခိုက်မှု မကြာခဏတွေ့ကြုံနေရပြီး ပြီးခဲ့သည့်လပိုင်းကလည်း ပခုက္ကူရှိ တရုတ်အထည်ချုပ် စက်ရုံ Myanmar Effort မှ တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms. Gu Hsen Hsen နှင့် မန်နေဂျာဦးမျိုးဇင်ဝင်းကို ပခုက္ကူနှင့် ရေစကြိုမှ PDF နှစ်ဖွဲ့ပူးပေါင်းကာ ဖမ်းဆီးသဖြင့် စက်ရုံက ကျပ်သိန်း ၂၀၀၀ ဖြင့် ပြန်လည်ကယ်ဆယ်ရွေးယူခဲ့ရသည်။

ref —- phnom penh post

Leave a Reply

Your email address will not be published. Required fields are marked *