September 20, 2024

သေဆုံးသူ ကိုကျော်ကျော်ထွန်းအား မြန်မာမွတ်စလင်မ်ပရဟိတအသင်း သွားရောက်သယ်ဆောင်ပေးစဥ်မြင်ကွင်း

MT News

Written by Hey Mar

မတ် ၁၂ ရက် ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံဟစ်တိုင်ရှေ့တွင် ဖြစ်ပွားခဲ့သည့် အငှားယာဥ်တစ်စီးပေါ်မှ အမျိုးသားအလောင်းပစ်ချခဲ့သည်အမှုဖြစ်စဥ်မှ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဖြစ်ကြောင်း တာမွေမြို့နယ် စခန်းအမှတ် ၄၀ မှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။

တာဝန်ရှိသူမှ “စစ်ဆေးနေတုန်း ဘာမှတော့ အထွေအထူးမပြောနိုင်သေးဘူး။ ကျွန်တော်တို့လည်း အသေအချာမသိရသေးဘူး။ ဖြစ်စဥ်က ငွေလုပြီးသတ်တာလို့ပဲ သိရသေးတယ်။ ၁၃ ရက်နေ့ ကတည်းက ဖမ်းမိတယ်” ဟု ဆိုသည်။

အသတ်ခံရသူမှာ ရန်ကင်းစင်တာအနီး ဦးချစ်မောင်လမ်းပေါ်ရှိ ကျိုင်းတုံ ပန်းသေးစားသောက်ဆိုင်မှ မိသားစုဝင်တစ်ဦးဖြစ်ပြီး အမည်မှာ ကိုကျော်ကျော်ထွန်း(အသက် ၃၀ နှစ်) ဖြစ်ကြောင်း၊ Air con ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

ကိုကျော်ကျော်ထွန်း၏ အလောင်းအား မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့က အခင်းဖြစ်နေရာမှ သွားရောက်သယ်ဆောင်ခဲ့ပြီး ဖြစ်စဥ်ဖြစ်ပွားစဥ်အချိန်မှာ ည ၁၀ နာရီခွဲဝန်းကျင်ဖြစ်ကြောင်း၊ လမ်းစည်ပင် သန့်ရှင်းရေးဝန်ထမ်းမှ အမှိုက်သိမ်းရင်း အလောင်းကိုတွေ့ ကာ ရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း၊ ရဲဘက်မှ ဆက်လက်စစ်ဆေးရာ အငှားယာဥ် Probox ကားတစ်စီးပေါ်မှ ကားမောင်းလျှက် ပစ်ချသွားသည်ကို မြင်လိုက်သည့်ယာဥ်မှ ရဲတပ်ဖွဲ့သို့ ထပ်မံဆက်သွယ် အကြောင်းကြားခဲ့ကြောင်း၊ အလောင်းမှာ မျက်နှာတစ်ခုလုံးဖူးယောင်၊ မျက်ခုံးကွဲ၊ နှာခေါင်း၊ ပါးစပ်၊ နားသွေးထွက် ဒဏ်ရာများရရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း ​ပရဟိတ အသင်းသို့ ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

သေဆုံးသူ ကိုကျော်ကျော်ထွန်းအား  မတ်လ ၁၅ ရက်နေ့တွင် ရေဝေးသုဿန်၌ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *