September 20, 2024

တောင်အာဖရိကနိုင်ငံ၊ Kruger အမျိုးသားဘေးမဲ့ဥယျာဉ် ၊ Crocodile မြစ်ရေလယ်ခေါင်မှ ခြင်္သေ့နှင့် ရေမြင်းများ၏ တိုက်ခိုက်မှုဖြစ်စဉ်ကိုတွေ့ရစဉ်။

၁၅.၃.၂၀၂၃
Translated by Htwe Ko Tun

တောင်အာဖရိကနိုင်ငံ၊ အရှေ့မြောက်ဘက် Kruger အမျိုးသားဘေးမဲ့ဥယျာဉ်အတွင်းရှိ Crocodile မြစ်၏အလည်မှ ကျောက်တုံးကြီးတစ်ခုပေါ် သောင်တင်နေခဲ့သည့် ခြင်္သေ့အထီးတစ်ကောင်နှင့် မြစ်ထဲမှရေမြင်းများ၏မြစ်လယ်တွင် ထူးထူးခြားခြားတိုက်ခိုက်ကြသည့် ဗီဒီယိုအား မတ်လ ၁၄ ရက်က အွန်လိုင်းပေါ်၌ LatestSightings.com ဝက်ဘ်ဆိုတ်တွင် ပို့စ်တင်ထားခဲ့ကြောင်း သိရသည်။

ခြင်္သေ့သတ္တဝါတို့က ရေကူးကျွမ်းကျင်ကြသူများလည်းမဟုတ်၊ မြစ်ချောင်းများအတွင်း ဆင်းသက်လေ့ရှိသူများလည်းမဟုတ်ပေ။ သို့သော် ထိုဖြစ်ရပ်တွင် ခြင်္သေ့အနေဖြင့် ၎င်း၏နယ်မြေကို ချဲ့ထွင်တည်ထောင်ရန် မြစ်တစ်ဘက်ကမ်းမှ အခြားတစ်ဘက်ကမ်းသို့ဖြတ်ကူးစဉ် မြစ်လယ်ရှိ ကျောက်တုံးပေါ်သို့ရောက်ရှိနေခဲ့ခြင်းဟု ယူဆရသည်။

Kruger အမျိုးသားဘေးမဲ့ဥယျာဉ်အတွင်းမှ လမ်းညွှန်တစ်ဦးဖြစ်သည့် အသက် ၃၀ နှစ်ရှိ စတင်ဂျက်ကော့ဆန်က ထိုဖြစ်စဉ်အားတွေ့ရှိကာ ရိုက်ကူးမှတ်တမ်းတင်ပြီး အွန်လိုင်းသို့တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက နံနက်ခင်းတစ်ခုအတွင်း ဧည့်သည်များနှင့်အတူ ဘေးမဲ့ဥယျာဉ်အတွင်းလှည့်လည်နေစဉ် Crocodile မြစ်လယ်မှ ရေမြင်းများ၏ ထူးခြားသော ပုံဟန်များကိုတွေ့ခဲ့ရ၍ စူးစိုက်ကြည့်မိရာ မြစ်လယ်ကျောက်တုံးကြီးပေါ်ရောက်နေသော ခြင်္သေ့တစ်ကောင်ကိုတွေ့ခဲ့ကြောင်း၊ ရေမြင်းများက ချက်ချင်းပင်စုရုံးလာကြကာ မြစ်လယ်တွင် ကျောက်တုံးကြီးအား ဝိုင်းလာကြသည်ကိုတွေ့လိုက်ကြောင်း၊ ထို့နောက်ရုတ်တရက်ပင် ကြီးမားသောရေမြင်းကြီးတစ်ကောင်က ကျောက်တုံးပေါ်တက်၍ တိုက်ခိုက်ရာ ခြင်္သေ့မှာ ရေထဲသို့ခုန်ဆင်းခဲ့ရကြောင်း၊ အခြားရေမြင်းတစ်ကောင်က မြစ်လယ်ရေထဲတွင် ခြင်္သေ့အားထပ်မံတိုက်ခိုက်ခဲ့သော်လည်း ခြင်္သေ့မှာကံကောင်းစွာဖြင့်လွတ်မြောက်ကာ ကမ်းပေါ်ပြန်ရောက်ခဲ့ကြောင်း ဗီဒီယိုတွင်ပြောခဲ့သည်။

စစ်ဆေးချက်များအရ ထိုခြင်္သေ့ငယ်မှာ ဘေးမဲ့ဥယျာဉ်အတွင်း ထိုနယ်မြေတစ်ဝိုက်၌ တန်ခိုးအင်အားကြီးမားသော ခြင်္သေ့တစ်ကောင်မဟုတ်ဘဲ ဥယျာဥ်အတွင်းလှည့်လည်သွားလာနေတတ်သည့် ခြင်္သေ့တစ်ကောင်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုခြင်္သေ့ငယ်က နယ်မြေမှားကာဝင်ရောက်လာခြင်းဖြစ်ဟန်တူကြောင်း၊ သို့သော်ခြင်္သေ့ငယ်မှာ တစ်စုံတစ်ရာဒဏ်ရာမရရှိခဲ့ကြောင်းလည်း ၎င်းကဆက်လက်ပြောခဲ့သည်။

Kruger အမျိုးသားဘေးမဲ့ဥယျာဉ်သို့လာရောက်လည်ပတ်ကြသော ဧည့်သည်များမှာလည်း ထူးထူးခြားခြား ရေလယ်မှ ခြင်္သေ့နှင့် ရေမြင်းများ၏တိုက်ပွဲကို မျက်မြင်ကြုံခဲ့ကြရကြောင်းသိရသည်။

Ref.UPI

Leave a Reply

Your email address will not be published. Required fields are marked *