October 22, 2024

MT News

Writte by Naing Thuta

မန္တလေး‌ဗုဒ္ဓဘာသာယူနန်ဘုရားကျောင်း၏ န၀မအကြိမ်ဝါတွင်းဥပုသ်နေ့တိုင်း ဆွမ်း၊ စာရေးတံမဲနှင့် ဒါတဗ္ဗဝတ္ထုလောင်းလှူပွဲအား သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၁ နှင့် ၃၂ လမ်းကြားရှိ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၉ နှစ်မြောက် ဝါတွင်းဥပုသ်နေ့တိုင်းဆွမ်းလောင်းလှူပွဲ၏ တေရသပတ်(၁၃ ပတ်မြောက်) ဖြစ်သော ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၉ ရက် နံနက် ( ၆ ) နာရီတွင် မြတောင်ကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ် အပါး ၂၅၀ အား ပင့်ဖိတ်၍ ဘုရားကျောင်းရှေ့တွင် ဆွမ်း၊ ဆွမ်းဟင်း၊ စာရေးတံနှင့် ဒါတဗ္ဗဝတ္ထုအစုစုကို ဘုရားကျောင်းဂေါပကအဖွဲ့မှ စုပေါင်း၍ သဒ္ဓါတရားထက်သန်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

“ဆွမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပခဲ့တာ ၉ နှစ်ရှိသွားပြီ။ ကိုဗစ်ကာလတော့ မကျင်းပနိုင်ခဲ့ဘူး။ ယူနန်ကျောင်းဂေါပကအဖွဲ့က နိဗ္ဗာန်ဆော်ပေးတာပေါ့။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း အလှူရှင်တွေများစွာက အသီးသီးအောင်မြင်စွာ လှူဒါန်းနိုင်ခဲ့တယ်။ အခုကျရောက်တဲ့ သီတင်းပတ်ကတော့ ဒီနှစ်ဝါတွင်းရဲ့ နောက်ဆုံးအပတ်လည်းဖြစ်တဲ့အတွက် အောင်မြင်စွာကျင်းပနိုင်ခဲ့လို့ စိတ်နှလုံးကြည်နူးမိရပါတယ်။ လာမဲ့ နှစ်များစွာလည်း ကျင်းပနိုင်အောင်ကြိုးစားသွားပါဦးမယ်”ဟု ဘုရားကျောင်း ဂေါပကအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

အဆိုပါ ဘုရားကျောင်းရှေ့တွင် ဝါတွင်းသီတင်းပတ်တာလုံး၌ မန္တလေးမြို့ လေးဘက်လေးရပ်မှ သံဃာတော် အရှင်သူမြတ်များအား ပင့်ဖိတ်၍ အလှည့်ကျအလှူရှင်များက ကုသိုလ်ပြုလှူဒါန်းခဲ့ကြကြောင်းနှင့် ၎င်းဘုရားကျောင်းကို မင်းတုန်းမင်းတရားကြီး လက်ထက်မှစပြီး ဆောက်လုပ်တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဘုရားကျောင်းတစ်ကျောင်း ဖြစ်သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *