September 20, 2024

၁၅. ၃. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းရှိ သံနှင့်သံမဏိလုပ်ငန်းရှင်များ ပြည်ပတင်ပို့နိုင်မည့် အရည်သွေးမြင့် သံနှင့်သံမဏိများ ထုတ်လုပ်ပြီး နိုင်ငံခြား ငွေရှာဖွေနိုင်သည့်အထိ ဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ပူးပေါင်းဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာချာလီသန်းက မတ်လ ၁၅ ရက်တွင် ပြုလုပ်သည့် “The South East Asia Iron & Steel Institute (SEAISI) 2023 TRAVELLING SEMINAR” တွင် ပြောကြားသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ သံမဏိလိုအပ်ချက်က ဆက်တိုက်မြင့်မားလျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သံနှင့်သံမဏိ ထုတ်လုပ်ဖို့ သယံဇာတတွေ သံ၊ သတ္တုရိုင်း၊ ကျောက်မီးသွေးတွေ ထိုက်သင့်သလောက်ရှိပါတယ်။ ဒီသယံဇာတတွေကို လိုက်ဖက်တဲ့နည်းပညာအသုံးချပြီး သံရိုင်းမှ သံမဏိအဖြစ်သို့ လည်းကောင်း၊ သံတို၊ သံစမှ အရည်သွေးရှိတဲ့ သံမဏိအဖြစ်သို့လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်းမှာပဲ လုံလောက်အောင် ထုတ်လုပ်နိုင်မယ်ဆိုရင်၊ ပြည်ပကိုပါ ရောင်းချနိုင်တဲ့အထိပါ ဆက်လက်ဆောင်ရွက်မည်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးကတော့ ပြည်ပမှ ဝယ်ယူတင်သွင်းနေရတဲ့ နိုင်ငံခြားငွေ လျှော့ချနိုင်မယ့်အပြင် ပြင်ပမှ နိုင်ငံခြားငွေကိုပါ ရှာဖွေလာနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာချာလီသန်းက ပြောကြားသည်။

ယင်းကဲ့သို့ သံနှင့် သံမဏိများ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်နှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး သံနှင့်သံမဏိထုတ်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးမှာလည်း ဒီနေ့သံမဏိထုတ်လုပ်နေတဲ့ လုပ်ငန်းများအတွက် ထိပ်တန်းဦးစားပေး ဆောင်ရွက်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။ သံမဏိကို သန့်စင်ကြိုချက်ရာက ထွက်လာတဲ့ ဓာတ်မသင့်တဲ့ စွန့်ပစ်ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်ဖို့အတွက် သံမဏိလုပ်ငန်းရှင်များအားလုံး ပူးပေါင်းလက်တွဲလုပ်ဆောင်ဖို့ အခြေအနေအရ တောင်းဆိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်

သံနှင့်သံမဏိ ထုတ်လုပ်မှုရာတွင် စံချိန်စံညွှန်းပြည့်မီရန် အဓိကလိုအပ်သည့်အတွက် လက်ရှိတွင် သံနှင့်သံမဏိများဆိုင်ရာ စံချိန်စံညွှန်း ၁၁ ခုကို ရေးဆွဲထုတ်ပြန်မှုများ ဆောင်ရွက်ထားသကဲ့သို့ လိုအပ်ချက်များအတွက် ဆက်လက်ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် လူတစ်ဦးချင်းစီ၏ သံမဏိသုံးစွဲမှုပမာဏအပေါ် မူတည်ပြီး အချက်တစ်ချက်အနေဖြင့် တိုင်းတာဖော်ပြမှုများရှိကြောင်း၊ လက်ရှိတွင် တစ်ကမ္ဘာလုံးဆိုင်ရာ သံနှင့်သံမဏိ ထုတ်လုပ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးလုပ်ငန်းများမှ အများဆုံးအသုံးပြုလျက်ရှိပြီး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ၁၆ ရာခိုင်နှုန်း၊ စက်ပစ္စည်းများအတွက် ၁၄ ရာခိုင်နှုန်း သုံးစွဲလျက်ရှိကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

မြန်မာနိုင်ငံတွင် သံနှင့်သံမဏိ လိုအပ်ချက်သည် နှစ်စဥ်တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ပျှမ်းမျှတန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်သော သံနှင့်သံမဏိ တန်ချိန် နှစ်သန်းခန့် (တန်ဖိုးဒေါ်လာ တစ်ဘီလျံကျော်)ကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *