September 20, 2024

၁၅ . ၃. ၂၀၂၃
Written by Myo Khine

မြန်မာအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန်ကြံစည်သော ထိုင်းလူမျိုးတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ယခုလအတွင်း အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်းက MT News သို့ ပြောသည်။

အဆိုပါအမှုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလနောက်ဆုံးပတ်က ထိုင်း-မလေးရှားနယ်စပ်တွင် တရားမဝင်မြန်မာလုပ်သား များကို ဓားပြတိုက်ကာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန်ကြိုးစားခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့သောကိစ္စနှင့်ပတ်သက်သော အမှုဖြစ်ကြောင်း သိရသည်။

“မလေးရှားမှာ အလုပ်လုပ်ဖို့အောက်လမ်းက ထိုင်း-မလေးနယ်စပ် ဆုန်ခလာခရိုင်အထိ ပွဲစားနဲ့ ရောက်လာကြတယ်။ ဆုန်ခလာခရိုင် ဘန်းဖြုဂေါက်ကွင်းအနီး တောစပ်တစ်နေရာမှာ မြန်မာ ၁၂၀ ကျော်ကို ထားတဲ့နေရာရှိတယ်။ အဲဒီနေရာကို ထိုင်းလူမျိုး လူတစ်စုက ပထမအကြိမ် ဓားပြလာတိုက်ပြီး ငွေကြေးအချို့ ယူသွားတယ်။ နောက်ထပ် ဒုတိယတစ်ကြိမ်မှာ သေဆုံးသွားတဲ့ ထိုင်းလူမျိုးက ဓား၊ သေနတ်အရှည်တစ်လက်နဲ့ရောက်လာပြီး အလုပ်လုပ်ဖို့လိုက်လာတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို အတင်းဆွဲပြီး မုဒိန်းကျင့်ဖိုကြံစည်တယ်။ အဲဒီထဲက ထိုင်းစကားနည်းနည်းပြောတတ်တဲ့သူတစ်ယောက်က ပိုက်ဆံလိုချင်ရင် ပေးပါ့မယ် အမျိုးသမီးကို ပြန်လွတ်ပေးပါဆိုပြီး အကြိမ်ကြိမ်တောင်းပန်ပြီး ပြောဆိုကြပါတယ်။ ဒါပေမဲ့ မလွှတ်ပေးတဲ့အပြင် ပိုက်ဆံ ထိုင်းဘတ်လေးထောင်ကျော်ကိုလည်း ယူသွားတယ်။ ဒါကြောင့် အဲဒီက မြန်မာတွေ သည်းမခံနိုင်တော့တဲ့အဆုံး ကျောက်ခဲတွေနဲ့ပစ်ပေါက် ဝိုင်းဝန်းဖမ်းဆီးတော့မှ အမျိုးသမီး လွတ်မြောက်ခဲ့တယ်။ အဲဒီထိုင်းလူမျိုးကို ဖမ်းဆီးကြိုးတုတ်ပြီး ပွဲစား ၅ ယောက်ကို အပ်တယ်။ ပွဲစားတွေက အဲဒီထိုင်းလူမျိုးကို နေရာပြောင်းရွှေ့ဖို့ပြောတာကြောင့် အခု လက်ဗွေတွေ့ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ အောင်ကိုဝင်းက အဲဒီ ထိုင်းလူမျိုးကို နေရာပြောင်းရွေ့ပေးခဲ့ရတာ။ မပြောင်းခင်ကတည်းက ဝိုင်းရိုက်ခံထားရလို့ သူ့ခေါင်းမှာ သွေးနည်းနည်းထွက်နေပြီ။ ပြီးတော့ လည်ပင်းမှာလည်း ဘယ်လို ရောက်နေမှန်းမသိတဲ့ ပုဆိုးတစ်ထည်နဲ့။ ပုဆိုးမှာလည်း သွေးစွန်းနေတယ်လို့ သိရတယ်။ အဲဒီထိုင်းလူမျိုးကိုနေရာပြောင်းပြီးတဲ့နောက် အလုပ်သွားလုပ်ဖို့ ရောက်နေကြတဲ့ မြန်မာ ၁၂၀ ကျော်ကိုလည်း ပွဲစားတွေက နေရာပြောင်းရွေ့ခဲ့တယ်။ ကျွန်တော်တို့ မေးမြန်းထားတဲ့စကားတွေအရ ထိုင်းလူမျိုးကို သတ်ဖြတ်တဲ့အထဲမှာတော့ အောင်ကိုဝင်း လုံးဝမပါဘူးလို့ သိရပါတယ်။ အဓိက လူသတ်မှုနဲ့ ပတ်သက်သူတွေဟာ ပွဲစားတွေ ဖြစ်တယ်လို့လည်း တရားရုံးက မှတ်ချက်ယူထားပါတယ်။ ပွဲစားတွေကိုတော့ ဒီနေ့ဒီအချိန်ထိ ဖမ်းဆီးနိုင်တာ မရှိသေးဘူး။ အောင်ကိုဝင်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်က ဆုန်ခလာခရိုင် ထုံးလုံရဲနဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ကနေ ဖမ်းဆီးခဲ့တာ”ဟု ကိုသိန်းထွန်းက ပြောသည်။

အမှုနှင့် ပတ်သက်၍ အခင်းဖြစ်ချိန် ရှိနေသည့်မြန်မာ ၁၂၀ ကျော်နှင့် ယင်းအချိန်က အဖမ်းခံကြရသည့် မြန်မာနိုင်ငံဘက်မှ မလေးရှားနိုင်ငံအတွင်းသွားရောက်မည့် တရားမဝင်မြန်မာခရီးသည် ၄၂၆ ဦးထဲမှ ၁၉၉ ဦးကို DNA စစ်ဆေးခဲ့ပြီး ကျန်သူများကို စကားဖြင့်သာမေးမြန်းခဲ့သည်။ DNA စစ်ဆေးရာတွင် လက်ဗွေတွေ့ရှိသူ ယခု အချုပ်ထောင်ကျခံနေရသော အောင်ကိုဝင်းနှင့် လူသတ်မှုအတွက် သံသယရှိသူ ၈ ဦး၊ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးအပါအဝင် ၁၀ ဦးကို တရားရုံးတွင် အဆင့်ဆင့် စစ်ဆေးရာ လက်ဗွေတွေ့ရှိထားသူ အောင်ကိုဝင်းမှလွဲပြီး ကျန်လူအားလုံး မှုခင်းက လွတ်မြောက်ခဲ့ကြကြောင်းလည်း သိရသည်။

“ဒီအမှုအခင်းကို ကျွန်တော်ကိုယ်တိုင် ရှေ့နေငှားပြီး လုပ်ဆောင်ပေးနေတာပါ။ အခု မတ်လ ၂၈ ရက်နေ့မှာ အောင်ကိုဝင်းကို တရားစီရင်ချက်ချတော့မှာပါ။ ဒီအမှုကို ဘာကြောင့် လူပင်ပန်း ငွေကုန်ခံပြီး လိုက်ရတာလဲဆိုတော့ ကော့သောင်ကျွန်းက ဝင်း နဲ့ ဇော် အမှုလိုမျိုး အဖြစ်မခံနိုင်တာကြောင့်ပါ။ လူသတ်မှုမှာ ပါဝင်နေသူလို့ သံသယဖြစ်တဲ့သူ ၂ ဦးရှိပါတယ်။ ပထမ တစ်ယောက်ဖြစ်တဲ့ လက်ဗွေတွေ့ရှိတယ်ဆိုတဲ့ အောင်ကိုဝင်းကို တရားစွဲခံထားရတာကတော့ စွဲချက်အနေနဲ့ နံပါတ်(၁) ပူးပေါင်းကြံစည်မှုပါတယ်။ ပူးပေါင်းကြံစည်မှုက ထိုင်းဥပဒေအရ သေဒဏ် ဒါမှမဟုတ်ရင် ထောင်ဒဏ် တစ်သက်၊ နံပါတ်(၂)ကတော့ အလောင်းဖျောက်မှုစွဲချက်ပါ။ အဲဒါက ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်ကျော်။ နံပါတ်(၃) ကတော့ တရားမဝင် ခိုးဝင်မှုဖြစ်ပါတယ်။ ဒီအမှုက ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ကျော်လို့ သိရတယ်။ နံပတ်(၄)က သေဆုံးသူဘက်က နစ်နာကြေးကို ထိုင်း ဘတ်ငွေ ၂ သန်း နဲ့ ၃ သိန်းဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီး လက်ရှိ ခရီးသည်တွေကို ဆိုင်ကယ်နဲ့ သယ်ဆောင်ပြီး နေရာပြောင်းပေးတယ်ဆိုတဲ့ အမှုနဲ့ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ အမိန့်ချခံထားရပြီးဖြစ်တဲ့ မောင်ဆန်းအေးကိုလည်း အောင်ကိုဝင်းနဲ့အတူ လူသတ်မှုမှာ ပူးတွဲအမိန့်ချမှာပါ။ မောင်ဆန်းအေးက အောင်ကိုဝင်းအမှုတွဲမှာ ပူးပေါင်းကြံစည်မှုနဲ့ အလောင်းဖျောက်မှုစွဲချက်တွေ ဖြစ်ပါတယ်။ ဒီအမှုမှာ မောင်ဆန်းအေးနဲ့ အတူခရီးသည်တွေကို ဆိုင်ကယ်နဲ့သယ်ဆောင်ပြီး နေရာပြောင်းပေးတယ်ဆိုတဲ့အမှုနဲ့ ချစ်ကိုကို ဆိုတဲ့ တစ်ယောက်ကိုလည်း ထောင်ဒဏ် ၂ နှစ် နဲ့ ၃ လ အမိန့်ချထားပြီး ဖြစ်ပါတယ်”ဟု ယင်းက ဆက်လက်ပြောသည်။

လက်ရှိအချိန် လူသတ်မှုနှင့် အမှုရင်ဆိုင်နေရသူ အောင်ကိုဝင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကြွီတဲကျေးရွာ ဇာတိဖြစ်ပြီး ပူးတွဲတရားခံမောင်ဆန်းအေးမှာ မင်းပြားမြို့နယ် ကပ်ပဲကျေးရွာဇာတိဖြစ်ကာ လူရွှေ့ပြောင်းပေးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ ချစ်ကိုကိုမှာ မာန်အောင် ဇာတိဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *