September 20, 2024

၁၅. ၃. ၂၀၂၃
Written by Hey Mar

ခရီးသွားလုပ်သားပြည်သူများ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ပြီး YBS ယာဥ်များ တစ်စီးနှင့် တစ်စီး ကျော်တက်မောင်းနှင်ခြင်း မပြုရ Campaign ကို ယနေ့ မနက် ၈ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးတွင် YRTC မှ ရန်ကုန်တိုင်းဒေသကြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ YRSC ၏ လမ်းညွှန်ချက်အတိုင်း ပြုလုပ်ခဲ့သည်။

ထို Campaign ၏ ရည်ရွယ်ချက်မှာ YBS ယာဥ်များ တစ်စီးနှင့်တစ်စီး အပြိုင်ကျော်တက်မောင်းနှင်ခြင်းကြောင့် ဖြစ်ပေါ် လာသော ယာဥ်မတော်တဆမှုများနှင့် လမ်းဖြတ်ကူးသူ ခရီးသွားပြည်သူနှင့် YBS အကြားဖြစ်ပွားတတ်သော ယာဥ်မတော် တဆမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း YRTC, YBS တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က MT News သို့ ပြောသည်။

“ကျွန်တော်တို့ ဒါကို စလုပ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အရေးယူမှုတွေကိုပါ ပူးတွဲပြုလုပ်နေတာပါ။ YBS တွေ တစ်စီးနဲ့တစ်စီး အပြိုင်ကျော်တက်မောင်းနှင်နေတာက ခရီးသွားလုပ်သားပြည်သူတွေကို အန္တရာယ်ဖြစ်စေတာနဲ့ ယာဥ်ကြောကြပ်ပြီး ရှုပ်ထွေးမှု ဖြစ်စေပါတယ်။ အတင်းကျော်တက်တဲ့အခါ လမ်းကူးသူတွေကိုမမြင်ဘဲ ဝင်တိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဒီစတစ်ကာကို ကပ်တဲ့အခါမှာတောင် ယာဥ်မောင်းရဲ့ မျက်စိရှေ့ အပေါ်ဘက် လေကာနားမှာ ကျွန်တော်တို ကပ်ပေးတာပါ” ဟု ဦးလျန်ကျင့်မန်က ပြောသည်။

YBS ယာဥ်များ ကျော်တက်မောင်းနှင်ခြင်း ပြုမပြုကို သိရှိနိုင်ရန်လည်း မီးပွိင့်များနှင့် လမ်းမီးတိုင်များတွင် စောင့်ကြည့်ဖမ်းဆီးနိုင်သည့် Telematic System များ တပ်ဆင်ထားပြီး YTO Control Center မှလည်း စောင့်ကြည့်ဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။

“အစက တစ်ပတ်ကို အစီးရေ ၂၀ လောက် အရေးယူရတယ်။ ပြီးခဲ့တဲ့လကနေ အခုထိကို အစီးရေ ၁၀၀ ကျော်သွားပြီ။ YRTC ရဲ့ ပြဌာန်းထားတဲ့ စည်းကမ်း ၁၃၈ ချက်ထဲကအတိုင်း တစ်ခါကျော်ရင် ၁ သောင်း ဒဏ်တပ်တယ်”ဟု ဦးလျန်ကျင့်မန်က ဆိုသည်။

အဆိုပါ Sticker Campaign ကို YBS ယာဥ် အစီးရေ ၅၀၀၀ ကျော်တွင် တပ်ဆင်သွားမည်ဖြစ်ပြီး ဘတ်စ်မှတ်တိုင်များရှိ မျဥ်းဝါကွက်များအတွင်း အခြားယာဥ်ငယ်များနှင့် YBS မဟုတ်သည့်ယာဥ်များ ဝင်ရောက်ရပ်တန့်သည်ကို စောင့်ကြည့်ဖယ်ရှားသည့် အဖွဲ့များနှင့် ၊ YRTC၊ ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းတပ်ဖွဲ့များနှင့်ပါ ပူးပေါင်း စစ်ဆေးလုပ်ဆောင်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *