September 21, 2024

၁၅. ၃. ၂၀၂၃
Written by Nay Aung

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း အများဆုံးတင်ပို့ရောင်းချခဲ့သော နိုင်ငံများထဲတွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ထိပ်ဆုံးတွင်ဦးဆောင်နေကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျူး SIPRI ၏ ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း အများဆုံးတင်ပို့ရောင်းချခဲ့သော နိုင်ငံများထဲတွင် ရုရှားက ပထမနေရာ၊ တရုတ်က ဒုတိယနေရာနှင့် အိန္ဒိယနိုင်ငံက တတိယနေရာတွင်ရပ်တည်နေကြောင်း SIPRI ကဖော်ပြထားပြီး SIPRI သည် ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော နိုင်ငံတကာ အင်စတီကျူတစ်ခုဖြစ်ကာ ကမ္ဘာတဝှမ်းရှိ လက်နက်ကိုင်ပဋိပက္ခများ၊ စစ်လက်နက်တင်ပို့၊ ရောင်းချမှုများနှင့် စစ်လက်နက်ဖျက်သိမ်းမှုများ၊ လက်နက်ထိန်းချုပ်ရေး စသောလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စစ်လက်နက်ပစ္စည်းတင်ပို့ခဲ့သော နိုင်ငံများထဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘီလာရုစ့်၊ အစ္စရေး၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ သြစတြီးယား၊ ယူကရိန်းအပြင် အမည်ဖော်ပြလိုခြင်းမရှိသော နိုင်ငံများပါဝင်လျက်ရှိနေကြောင်း SIPRI ၏ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံများထံမှ စစ်လက်နက်ပစ္စည်းပေါင်း ၁၀၆၂ ခု ဝယ်ယူတင်သွင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်အလိုက် တင်သွင်းမှုများထဲတွင် ၂၀၂၂ ခုနှစ်က အများဆုံးတင်သွင်း ဝယ်ယူမှုနှစ်ဖြစ်နေကြောင်း SIPRI ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း စစ်လက်နက် ပစ္စည်း ၄၀၀ နီးပါး ဝယ်ယူတင်သွင်းခဲ့ပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့ကအများဆုံးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ရုရှားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းအရေအတွက် ၄၄၃ ခု၊ တရုတ်နိုင်ငံမှ ၃၀၈ ခု၊ အိန္ဒိယနိုင်ငံထံမှ ၁၅၁ ခု တင်သွင်းခဲ့ကြောင်း သိရသည်။
ref —- SIPRI

Leave a Reply

Your email address will not be published. Required fields are marked *