September 21, 2024

သံဃာများနှင့် ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် KNDF နှင့် PDF များကို ရှုတ်ချနှင်ထုတ်ပွဲအား ပအိုဝ်းတိုင်းရင်းသားများနှင့်သံဃာတော်များ ပြုလုပ်နေစဥ် (Photo- Pa-O History & Herritage)

◾️ ပအိုဝ်းဒေသတွင် တပ်စွဲထားသော KNDF၊ PDF များ အမြန်ဆုံးထွက်ခွာပေးရန် တောင်းဆို

၁၅. ၃. ၂၀၂၃
Written by Nay Moe

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ့်ရွာတွင် သံဃာများနှင့် ပအိုဝ်းပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သော KNDF နှင့် PDF များအား ကန့်ကွက်ရှုတ်ချပွဲကို ပအိုဝ်းပြည်သူများက တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဥ်သီးဗွေ) တွင် ယနေ့ပြုလုပ်နေပြီး ပအိုဝ်းဒေသ၌ တပ်စွဲထားသော KNDF၊ PDF များ အမြန်ဆုံးထွက်ခွာပေးရန် တောင်းဆိုနေကြောင်း သိရသည်။

သံဃာသုံးပါးနှင့် ပအိုဝ်းဒေသခံပြည်သူ ၃၀ ကို သတ်ဖြတ်သည့်အပြင် SAC ကိုပါ လွှဲချခဲ့သော KNDF နှင့် PDF များအနေဖြင့် ပအိုဝ်းပြည်သူများ၏ ပစ္စည်းဥစ္စာများကိုလည်း အဓမ္မသိမ်းပိုက်ရယူနေသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက MT News သို့ ပြောသည်။

ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သော KNDF နှင့် PDF များကို ပအိုဝ်းပြည်သူများက ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲသို့ ပအိုဝ်းပြည်သူ ရာထောင်ချီတက်ရောက်ခဲ့ပြီး NUG ထောက်ခံသည့် သတင်းမှားတင်ဆက်သော မီဒီယာအချို့တွင် ဖော်ပြနေသကဲ့သို့ တစ်အိမ်တစ်ယောက်ခေါ်ယူခဲ့ခြင်းမျိုးမဟုတ်ကြောင်းလည်း ပါဝင်ဆန္ဒပြသူများက ပြောသည်။

“ပုံမှာမြင်တဲ့အတိုင်း လူဦးရေအတိအကျမရှိဘူး။ လာချင်တဲ့လူ လာရောက်ပူးပေါင်းဆန္ဒပြခဲ့တယ်။ အခုထိ မပြီးသေးဘူးဗျ” ဟု Pa-O History & Herritage မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပအိုဝ်းဒေသမှ သံဃာတော်များနှင့် ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော KNDF နှင့် PDF များ ပအိုဝ်းဒေသမှထွက်ခွာရေး ပအိုဝ်းပြည်သူများက ဆန္ဒပြရာတွင် “ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ် အတင်းဖန်တီးမှု- အလိုမရှိ”၊ “အပြစ်မဲ့ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများ သတ်ဖြတ်မှု- အလိုမရှိ”၊ “သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများ-အလိုမရှိ”၊ “လူမှုရေးမှိုင်းတိုက်နေသော ပြည်တွင်းပြည်ပ အဖျက်သမားများအား-အလိုမရှိ”၊ ပအိုဝ်းပြည်သူ လူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မ ခိုးယူနေသော အကြမ်းဖက်သမားများအား- အလိုမရှိ”၊ “သာသနာ့အဆောက်အဦများ ပြည်သူလူထုနေအိမ်များ မီးရှို့ဖျက်ဆီးမှု -အလိုမရှိ”၊ “ကျေးရွာနှင့်လူနေအိမ်များ ဒေသခံများ လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများ-အလိုမရှိ”၊ “KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံး ဆုတ်ခွာရေး-ဒို့အရေး”၊ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေး-ဒို့အရေး” စသော ဟစ်ကြွေးသံများဖြင့်လည်း KNDF နှင့် PDF များကို နှင်ထုတ်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံစာ။ သံဃာများနှင့် ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် KNDF နှင့် PDF များကို ရှုတ်ချနှင်ထုတ်ပွဲအား ပအိုဝ်းတိုင်းရင်းသားများနှင့် သံဃာတော်များ ပြုလုပ်နေစဥ် (Photo- Pa-O History & Herritage)

Leave a Reply

Your email address will not be published. Required fields are marked *