September 21, 2024

အမေရိကန်လေတပ်၏ MQ_9 မောင်းသူမဲ့လေယာဉ်

၁၅.၃.၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီး ပင်လယ်နက်ရေပြင်ပေါ်တွင် မတ်လ ၁၄ ရက်က ပျံသန်းနေစဉ် ရုရှားလေတပ်မှ Su-27 တိုက်လေယာဉ်တစ်စီးနှင့်တိုက်မိကာ မပျံသန်းနိုင်တော့ဘဲ ပင်လယ်ရေပြင်အတွင်း ပျက်ကျသွားခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သလို အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း ရုရှားတိုက်လေယာဉ် အနေနှင့် မောင်းသူမဲ့လေယာဉ်အား မဆင်မခြင်ကြားဖြတ်တိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

“အမေရိကန်လေတပ်က MQ_9 မောင်းသူမဲ့လေယာဉ်ဟာ အပြည်ပြည်ဆိုင်ရာလေပိုင်နက်အတွင်း ပုံမှန်လေ့ကျင့်ပျံသန်းမှုပြုလုပ်နေတုံး ရုရှားလေတပ်က တိုက်လေယာဉ်က ကြားဖြတ်တိုက်ခိုက်ပြီးပစ်ချခဲ့တာပါ။ MQ_9 မောင်းသူမဲ့လေယာဉ်ဟာလည်းပျက်ကျပြီး လုံးဝဆုံးရှုံးခဲ့ရတယ်။ တကယ်တော့ ဒါဟာ ရုရှားတို့ရဲ့ လုံခြုံမှုမရှိတဲ့ စံမမီကျင့်ဝတ်ပျက်ပြားတဲ့လုပ်ရပ်ပဲ” ဟု အမေရိကန်လေတပ်မှ ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဟက်ကာက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်တွင် ရုရှားဂျက်တိုက်လေယာဉ်နှစ်စီး ပါဝင်ကြပြီး ခန့်မှန်းခြေ အမေရိကန်အရှေ့ပိုင်းဇုံစံတော်ချိန် (EDT) မတ်လ ၁၄ ရက် နံနက် ၂ နာရီ ၃ မိနစ်(GMT နံနက် ၇း၀၃ နာရီ) တွင်ဖြစ်ပွားခဲ့ကာ ရုရှားတိုက်လေယာဉ်တစ်စီးက မောင်းသူမဲ့လေယာဉ်၏ ပန်ကာကို ဝင်တိုက်ခဲ့ကြောင်း အမေရိကန် ဥရောပစစ်တိုင်းက ကြေညာချက်ထုတ်ခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အနာတိုလီ အန်တိုနော့ဗ်ကလည်း အမေရိကန်မောင်းသူမဲ့လေယာဉ်များက ယူကရိန်းတပ်များအတွက် ထောက်လှမ်းရေးသတင်းများရယူရန် ရုရှားပိုင်နက်နယ်မြေနှင့် ရုရှားတပ်ဖွဲ့များပေါ်မှ မကြာခဏဆိုသလို ပျံသန်းလေ့ရှိကြောင်း၊ ရုရှားနိုင်ငံ၏ နယ်နိမိတ်အနီးကပ်လျက် အမေရိကန်စစ်ဘက်လှုပ်ရှားမှုများ ပြုလုပ်လာခြင်းကို လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ မောင်းသူမဲ့လေယာဉ်များအသုံးပြုလျက် ထောက်လှမ်းရေးသတင်းများ ရယူလာမှုကို ရုရှားအနေဖြင့် ကောင်းစွာသတိရှိနေကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားသံအမတ်က “အမေရိကန်ပြည်ထောင်စုနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ ဒီနေရာမှာ ဒီမောင်းသူမဲ့လေယာဉ်တွေက ဘာလာလုပ်နေရတာလဲ။ အဖြေကတော့ သိသာထင်ရှားလွန်းတယ်။ သူတို့တွေက ရုရှားနိုင်ငံပိုင်နက်နဲ့ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်မယ့် ယူကရိန်းအစိုးရအတွက် ထောက်လှမ်းရေးသတင်းစုဆောင်းပေးနေတာပဲ။ အမေရိကန်အစိုးရအနေနဲ့ ဒါမျိုးလုပ်ရပ်တွေကို နောက်ရှောင်ရှားဖို့လိုမယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အမေရိကန်မောင်းသူမဲ့လေယာဉ်က ထိန်းချုပ်မှုမရှိသော ပျံသန်းမှုဖြင့် အမြင့်ပေအတိအကျမရှိပျံသန်းဝင်ရောက်လာကာ ရုရှားတိုက်လေယာဉ်များနှင့်တိုက်မိခဲ့ကြောင်း၊ ရုရှားတိုက်လေယာဉ်များက လေယာဉ်တွင်တပ်ဆင်ထားသော လက်နက်များကို အသုံးပြုပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အမေရိကန်မောင်းသူမဲ့လေယာဉ်က ရုရှားနယ်စပ်ကိုဦးတည်လျက် ကျူးကျော်ဝင်ရောက်လာကြောင်း ပြောခဲ့သည်။

Reapers ဟုခေါ်ကြသော အမေရိကန်လေတပ်၏ MQ_9 မောင်းသူမဲ့လေယာဉ်များက Hellfire ဒုံးကျည်များနှင့် လေဆာပဲ့ထိန်းဗုံးများတပ်ဆင်ထားနိုင်သည့်အပြင် မိုင်ပေါင်း ၁,၁၀၀ ကျော်ပျံသန်းနိုင်ပြီး အမြင့်ပေ ၅၀,၀၀၀ အထိ တက်ရောက်နိုင်သည်။ MQ_9 မောင်းသူမဲ့လေယာဉ် တစ်စီးက အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်တန်ဖိုရှိကြောင်း သိရသည်။

Ref–CBS, Tass

Leave a Reply

Your email address will not be published. Required fields are marked *